စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် Interra Resources ကုမ္ပဏီက စစ်ကောင်စီတပ်၏ လောင်စာဆီထုတ်လုပ်ရေးတွင် ကူညီပံ့ပိုးပေးနေပြီး စစ်ရာဇ၀တ်မှုများ ကျူးလွန်ရန် အားပေးအားမြှောက်ပြုနေကြောင်း Justice For Myanmar အဖွဲ့၏ စုံစမ်းဖော်ထုတ်မှုအရ သိရသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် Interra Resources ကုမ္ပဏီ၏ မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းများသည် အမေရိကန် ဒေါ်လာ သန်း ၁၅၀ ကျော်တန်ဖိုးရှိသော ရေနံစည်ပေါင်း ၂ သန်းကျော်ကို စစ်အုပ်စုထံ ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အဆိုပါရေနံများကို စစ်အုပ်စုက စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည့် မကွေးတိုင်းအတွင်းရှိ Goldpetrol ၏ ကုန်းတွင်းရေနံမြေ ( ၂ ) ခုဖြစ်သော ချောက်နှင့် ရေနံချောင်းတို့မှ ထုတ်ယူခဲ့ကြောင်း သိရသည်။
Interra Resources Limited သည် Goldpetrol Joint Operating Company Inc. ၏ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်သည်။
အဆိုပါရေနံများကို မန်းသံပုရာကန်ဓာတုဗေဒစက်ရုံစုတွင် သန့်စင်ချက်လုပ်ပြီး ယင်းစက်ရုံစုကို စစ်အုပ်စုက တရားမဝင်ထိန်းချုပ်ထားသည့် စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်း (MPE) က ကြီးကြပ်လုပ်ကိုင်လျှက်ရှိကြောင်း သိရသည်။
မန်းရေနံချက်စက်ရုံသည် စစ်အုပ်စု၏ လေယာဉ်များ၊ ထရပ်ကားများနှင့် တင့်ကားများကို မောင်းနှင်နိုင်ရန် လိုအပ်သည့် ဒီဇယ်နှင့် လေယာဉ်ဆီများကို ချက်လုပ် ပေးနေသည့် စက်ရုံတစ်ခုဖြစ်ကြောင်း သိရသည်။
Interra Resources သည် မြန်မာပြည်တွင်းလုပ်ငန်းများမှ ဝင်ငွေ ၅၅ သန်းကျော် ရရှိခဲ့ကြောင်း ကုမ္ပဏီ၏ စတော့အိတ်ချိန်းသို့ ထုတ်ပြန်ချက်များနှင့် လျှို့ဝှက်ပေါက်ကြား လာသော ဘဏ္ဍာရေးအစီရင်ခံစာများအရ သိရှိရကြောင်း JFM က ဆိုသည်။
“ Interra Resources က အကြမ်းဖက်စစ်အုပ်စုဆီ ရေနံတွေဆက်လက်ရောင်းချပြီး မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှု တွေမှာ ကြံရာပါ ပတ်သက်နေပါတယ်။ MOGE နဲ့ အဲ့ဒီကုမ္ပဏီရဲ့ စီးပွားဆက်နွှယ်မှုက ကလေးသူငယ်တွေကို သတ်ဖြတ်၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို ဖျက်ဆီးခဲ့ပြီး၊ လူပေါင်း ၃ သန်းကျော်ကို နေရပ် စွန့်ခွာစေခဲ့တဲ့ စစ်အုပ်စုက တိုးမြှင့်ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ဆင်ရေးကို တိုက်ရိုက်ပံ့ပိုးကူညီနေပါတယ်။” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။
စင်ကာပူစတော့အိတ်ချိန်းအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့ထားသည့် အဖွဲ့အစည်းတစ်ရပ်ဖြင့် စီးပွားရေး ဆက်လက်လုပ်ဆောင်မှု၊ စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါ ပတ်သတ်မှုများအတွက် Interra Resources အား စည်းမျဉ်းပိုင်းဆိုင်ရာ အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရန် JFM က တိုက်တွန်းသည်။
MOGE နှင့် Interra Resources တို့အကြား ငွေပေးချေယူမှုများကို ဆောင်ရွက်ပေးသည့် စစ်အုပ်စုထိန်းချုပ်ဘဏ်များအပါအဝင် မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) နှင့် မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်း (MPE) တို့အပေါ် အစိုးရများအနေဖြင့် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများ စုပေါင်းချမှတ်ရန်ကိုလည်း JFM က တောင်းဆိုထားသည်။
“ စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်နဲ့ လောင်စာဆီရရှိနေမှုတွေကို ဖြတ်တောက်ဖို့ နိုင်ငံတကာ အရေးယူမှုတွေ ကင်းမဲ့နေတာက Interra Resources ကို အခုလို စီးပွားရေး ပေးလုပ်နေလို့ ဖြစ်ပါတယ်။ စင်ကာပူအပါအဝင် အစိုးရတွေအနေနဲ့ ရှေ့ထွက်ပြီး၊ စစ်အုပ်စုအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ရပါမယ်။ စစ်အုပ်စုရဲ့ မသမာစီးပွားရေးလုပ်ငန်းတွေမှာ သူတို့ကုမ္ပဏီတွေနဲ့ နိုင်ငံသားတွေ ပါဝင်မှုကို အဆုံးသတ်ရပါမယ်”ဟု မရတနာမောင်က ပြောသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ အနေဖြင့် စင်ကာပူသည် ၎င်း၏ပိုင်နက်အတွင်းရှိ ကုမ္ပဏီများနှင့် နိုင်ငံသားများအား စစ်အုပ်စုထံ ရုပ်ဝတ္ထုပိုင်းဆိုင်ရာပစ္စည်းများ ထောက်ပံ့ကူညီပြီး မြန်မာနိုင်ငံတွင်း အကျပ်အတည်းများ ရှည်ကြာနေခြင်းမှ ကာကွယ်တားဆီးရန် အထူးတာဝန်ရှိပြီး ၊ ၎င်းတို့အနေဖြင့် စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများတွင် Interra Resources ၏ ကြံရာပါ ပတ်သက်နေမှုကို အဆုံးသတ်ရန်အတွက် အရေးယူဆောင်ရွက်ရမည်ကြောင်း Justice For Myanmar က တိုက်တွန်းအသိပေးထားသည်။