TNLA နှင့် စစ်ကောင်စီ ညှိနှိုင်းရန်ခက်ခဲသဖြင့် ဆွေးနွေးပွဲအဆုံးသတ်

TNLA နှင့် စစ်ကောင်စီ ညှိနှိုင်းရန်ခက်ခဲသဖြင့် ဆွေးနွေးပွဲအဆုံးသတ်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် စစ်ကောင်စီတို့ နှစ်ဖက်ဆွေးနွေးညှိနှိုင်းရန် ခက်ခဲသဖြင့် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၇)ရက်နေ့ ညနေပိုင်းတွင် တွေ့ဆုံပွဲအဆုံးသတ်လိုက်ရသည်ဟု TNLA ဘက်က ဖော်ပြသည်။

ဆွေးနွေးပွဲတွင် နှစ်ဖက်တောင်းဆိုတင်ပြမှုများ အပြန်အလှန်ပြုလုပ်ခဲ့ကြပြီး ဆွေးနွေးညှိနှိုင်းရန်ခက်ခဲသဖြင့် တွေ့ဆုံပွဲ ပြီးဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆွေးနွေးပွဲတွင် TNLA ဘက်က နှစ်ဖက်တပ်ရောက်ရှိသည့်နေရာတွင် ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲရန်၊ နှစ်ဖက်လုံး ထိုးစစ်များပြုလုပ်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေယာဉ်ဗုံးကြဲချခြင်း စသည့် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်တန့်ရန်၊ နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသများတွင် ဒေသခံပြည်သူများ စားဝတ်နေရေးနှင့် ဆေးဝါးများ သယ်ဆောင်နိုင်ရန်အတွက် ဖြတ်သန်းသွားလာခွင့်ပြုရန်တို့ကို တောင်းဆိုသည်ဟု သိရသည်။ 

သို့သော်လည်း နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုခက်ခဲသည့်အခြေအနေရှိသောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများ အကြား ဆွေးနွေးပြင်ဆင်မှုများပြုလုပ်ပြီးပါက နောက်ထပ်တစ်ကြိမ်ပြန်လည်တွေ့ဆုံနိုင်ရန် တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းက ဦးဆောင်ဆွေးနွေးပြီး တွေ့ဆုံမှုကို အဆုံးသတ်ခဲ့ရသည်ဟု ဆိုသည်။

ဆွေးနွေးမှုကို TNLA ဘက်က ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် စစ်ကောင်စီဘက်က ကစထ(၁)မှူးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့်အဖွဲ့များက တရုတ်အစိုးရ၏စီစဉ်ချက်အရ ဖေဖော်ဝါရီလ(၁၆)ရက်နှင့် (၁၇)ရက်နေ့တို့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ဟိုင်ဂင်ဟော်တယ်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

“မပြေလည်ကြဘူးလို့ သိထားရတယ်။ ဆွေးနွေးပွဲ ပြေလည်မှုမရလို့ TNLA ထိန်းချုပ်ဒေသတွေ စစ်ကောင်စီရဲ့ လေကြောင်းရန်စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်။”ဟု Tachileik News Agency ၏ သတင်းအရင်းအမြစ်က ယနေ့ နံနက်ပိုင်းတွင် ဖြေကြားထားသည်။

ပြီးခဲ့သည့်နှစ်အတွင်း ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁)နှင့် အပိုင်း(၂)အတွင်း မဟာမိတ်တော်လှန်ရေးအဖွဲ့မှ နယ်မြေအများအပြားကို သိမ်းယူနိုင်ခဲ့ပြီး မဟာမိတ်အဖွဲဝင်ဖြစ်သည့် PSLF/TNLA က နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် သီပေါ စုစုပေါင်း မြိုနယ်(၁၂)မြို့နယ်ကို သိမ်းယူကာ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ယူထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၁၆)ရက်နေ့ကစတင်ကာ နှစ်ရက်တာ MNDAA နှင့် စစ်ကောင်စီတို့ကြား တွေ့ဆုံဆွေးနွေးပြီးနောက် အပစ်ရပ်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

ညီနောင်မဟာမိတ်(၃)ဖွဲ့အနက် အရက္ခတပ်တော်(AA)တစ်ဖွဲ့တည်းသာ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် တိုက်ပွဲများ ဆက်ဖြစ်နေသည်။

#TachileikNewsAgency