လောင်းလုံးမြို့နယ် ပြင်ကြီးကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ

လောင်းလုံးမြို့နယ် ပြင်ကြီးကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
စက်တင်ဘာ 8, 2024 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ပြင်ကြီးကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံမှ သိရသည်။

လောင်းလုံးမြို့နယ် ပြင်ကြီးကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး စစ်ရှောင်ပြည်သူများ၏ နေအိမ်များကို ဖောက်ထွင်းခိုးယူ ၊ မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၄ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့ နေ့လယ် (၁၂)နာရီဝန်းကျင်ခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အပြန်အလှန်ပစ်ခတ်မှုမှာ (၁)နာရီခွဲဝန်းကျင် ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၈)ဦးထက်မနည်း သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းအတိအကျရရှိခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) အဖွဲ့က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအား ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ၊ ဘီလုံးပြောက်ကျား တပ်ဖွဲ့နှင့် ကျားသစ်နက်အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများ အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်နေသည့် အချိန်ဖြစ်သည့်အတွက် ထားဝယ်ခရိုင်အတွင်း ပြည်သူများအနေဖြင့် စစ်ရေးအထူးသတိပြုသွားလာကြပါရန် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်က တိုက်တွန်းအသိပေးထားသည်။

#TachileikNewsAgency