မူးမြို့နယ်နှင့် လယ်ဒိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံး

မူးမြို့နယ်နှင့် လယ်ဒိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံး

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် မူးမြို့နယ်နှင့် လယ်ဒိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ဒေသခံ (၂)ဦး သေဆုံးပြီး (၁)ဦး ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်း (၄) ကျောင်းနှင့် ဓမ္မာရုံ (၁)ရုံတို့ ထိခိုက်ပျက်စီးကြောင်း KNU ဗဟိုထံမှ သိရသည်။

မူးမြို့နယ်တွင် နိုဝင်ဘာလ (၂၃) ရက်နေ့၌ သေဂေးလူ(ရင်းတိုက်ကုန်း)ကျေးရွာတွင် နေရာယူထားသည့် စစ်ကောင်စီတပ်သည် ရေလဲဗမာကျေးရွာတွင်းသို့ ဒရုန်းဖြင့် (၂)ကြိမ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့၌ ကုန်းချောင်းဝမှ နေရာယူထားသော စစ်ကောင်စီတပ်များသည် ဟော်ခိုဝေါ (ငထွေစုတ်) ကျေးရွာသို့ ဟောင်ဝစ်ဇာလက်နက်ကြီး (၁)လုံးတို့ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ပေါက်ဇလုပ်ကျေးရွာမှ ကိုစိုးမင်းနောင်နှင့် မနုနုဝင်းတို့ ဇနီးမောင်နှံနှင့် သမီး မအေးမြတ်ငြိမ်း တို့သည် မြို့သို့ဈေးသွားဝယ်ရန် ထွက်လာစဉ် ညောင်ပင်သာ ကျေးရွာအရောက်တွင် စစ်ကောင်စီတပ်များ ထောင်ထားသော မိုင်းပေါက်ကွဲမှုကြောင့် ဖခင်ဖြစ်သူနှင့် သမီးဖြစ်သူတို့ ပွဲချင်းပြီး သေဆုံးခဲ့ရကာ မိခင်ဖြစ်သူမှာ ဒဏ်ရာရရှိပြီး ဖြူးဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ထုတ်ပြန်သည်။

လယ်ဒိုမြို့နယ်တွင် နိုဝင်ဘာလ (၂၇) ရက်နေ့၌ စစ်ကောင်စီတပ် ခလရ (၂၆၄) သည် ဒရုန်းဖြင့် ယောက်သွားကုန်းတွင် လက်နက်ကြီး (၂)လုံး၊ ၁၂၂ မမ လက်နက်ကြီးဖြင့် ကော်သာစေးကျေးရွာသို့ (၂)လုံး၊ ဝက်လာတောကျေးရွာသို့ (၁)လုံး ပစ်ခတ်ခဲ့ပြီး ၊ အနန်းဘော်ကျေးရွာမှ စစ်ကောင်စီတပ်များသည် ဒရုန်းဖြင့် ရွာသာယာကျေးရွာ ဘုန်းကြီးကျောင်းတွင်းသို့ လက်နက်ကြီး (၁)လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် နတ်သံကွင်းမှ စစ်ကောင်စီတပ်များသည် ဒရုန်းဖြင့် သူးကဘီး (ကျွဲတလင်း)ကျေးရွာ ဘုန်းကြီးကျောင်းသို့ လက်နက်ကြီး (၁)လုံး၊ ဟောင်ဝစ်ဇာ လက်နက်ကြီး ၁၂၂ မမ ဖြင့် ဖါးလဲဘာကုန်းသို့ (၁)လုံးပစ်ခတ်ခဲ့ရာ ထိုပစ်ခတ်မှုများကြောင့် သူးကဘီး(ကျွဲတလင်း) ကျေးရွာမှ ဘုန်းကြီးကျောင်း (၁)ကျောင်း အပါအဝင် ကျောင်းဝင်းအတွင်းရှိ ရေကန် (၁)ကန်၊ ဆိုလာ (၁)ချပ်နှင့် ရွာသာယာကျေးရွာမှ ဘုန်းကြီးကျောင်း (၁) ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

နိုဝင်ဘာလ (၂၈)ရက်နေ့တွင် စစ်ကောင်စီတပ် ခလရ(၂၆၄) မှ ကော်သာစေးကျေးရွာနှင့် ငဖယ်အင်းကျေးရွာသို့ ဟောင်ဝစ်ဇာ လက်နက်ကြီး ၁၂၂ မမ (၈)လုံး၊ နတ်သံကွင်းမှ စစ်ကောင်စီတပ်များသည် နတ်တလင်း ဘုန်းကြီးကျောင်းဝန်းအတွင်းသို့ ဒရုန်းဖြင့် (၁)ကြိမ်၊ လက်နက်ကြီးဖြင့် (၂)လုံး၊ ပဲသောင်ကျေးရွာအတွင်းသို့  (၁)လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ကုန်းချောင်းဝမှ စစ်ကောင်စီတပ်များသည် ဒရုန်းဖြင့် တောကြောင်ပေါက်ကျေးရွာသို့ လက်နက်ကြီး (၁)ကြိမ်၊ နတ်တလင်းကျေးရွာနှင့် ခြောက်တဲစုကျေးရွာကြားတွင် လက်နက်ကြီး (၁)ကြိမ်၊ အင်းနက်ကျေးရွာ ဘုန်းကြီးကျောင်းဝန်းတွင် (၂)ကြိမ် ပစ်ခတ်ခဲ့ပြီး ၊ လက်နက်ကြီး ၁၂၀မမ ဖြင့် ဝေဒေါခို (အင်တိုင်းကုန်း) ကျေးရွာသို့ (၁) လုံး၊ ဖါးလဲဘာကုန်းသို့  (၁) လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှု ကြောင့် နတ်တလင်းကျေးရွာ ဘုန်းကြီးကျောင်း နှင့် ကျောင်းဝင်းအတွင်းရှိ ရေကန် (၁)ကန်၊ ဓမ္မာရုံ (၁)ရုံ၊ ဆိုလာ (၁)ချပ်နှင့် အင်းနက်ကျေးရွာမှ ဘုန်းကြီးကျောင်း (၁)ကျောင်းတို့ ထိခိုက် ပျက်စီးခဲ့ရကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း ၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့်လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း ဒေသခံ လေးသိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNU