မြန်မာပြည်သူပြည်သားများ၏ ဒီမိုကရေစီရရှိရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးများအတွက် ကြိုးစားအားထုတ်နေမှုများအား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် နိုင်ငံတကာနှင့် မြန်မာမှ ကုလသမဂ္ဂဝန်ထမ်းများနှင့်အတူ အခိုင်အမာ အားပေးထောက်ခံကြောင်း ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၇) ရက်နေ့၌ ထုတ်ဖေါ်ပြောကြားလိုက်သည်။
စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် လူထုရွေးကောက်ထားသည့် အစိုးရအဖွဲ့အား ဖမ်းဆီးထိန်းသိမ်းပြီး နိုင်ငံတော်အာဏာကို သိမ်းယူလိုက်သည့်အတွက် ပြည်သူ့ဝန်ထမ်းများက အာဏာရှင်အား ဆန့်ကျင်ပြီး လက်ရှိလုပ်ငန်းတာဝန်များကို ဆက်လက်လုပ်ဆောင်ခြင်းမပြုတော့ဘဲ ရပ်နားထားခြင်း၊ ပြည်သူများက နေအိမ်အသီးသီးမှ သံပုံးများတီး၍ နှင်ထုတ်ခြင်း၊ ဆန္ဒထုတ်ဖေါ်ချီတက်ခြင်းစသည့် နည်းလမ်းမျိုးစုံဖြင့် စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ဆန္ဒထုတ်ဖေါ်နေကြခြင်းဖြစ်သည်။
လူထုရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များက အွန်လိုင်းမှနေ၍ လွှတ်တော်အစည်းအဝေးများ စတင်ခြင်းကို လုပ်ဆောင်နေကြခြင်းဖြစ်သည်။
Tachileik News Agency