အရာတော်မြို့နယ်တွင် တပ်ချိန်းသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များ တိုက်ခိုက်

အရာတော်မြို့နယ်တွင် တပ်ချိန်းသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များ တိုက်ခိုက်
နိုဝင်ဘာ 5, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သစ်ကျင်းကြီးရွာမှ ထွက်လာသည့် စစ်ကောင်စီတပ် နှင့် ပျူစောထီးများကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၄)ရက်နေ့တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား (၁၃၀)ဝန်းကျင်သည် မုံရွာမြို့နယ် သာစည်ကျေးရွာရှိ ရဲကင်းသို့ တပ်ချိန်းရန် ရောက်ရှိလာချိန်တွင် တော်လှန်ရေးတပ်များက (၆၀)မမ (၃)လုံးနှင့် လက်လုပ် (၃)လုံးတို့ဖြင့် ရဲကင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရဲကင်းစခန်းထဲကို (၆၀)မမ နှစ်လုံး ကျရောက်ပေါက်ကွဲပြီး ရဲကင်းရှေ့ ညောင်ပင်အောက်ကို တစ်လုံးကျရောက်ပေါက်ကွဲတယ်။ (၆၀)မမ (၃)လုံးမှာ တစ်လုံးက Error တက်ပြီး ကျရောက်ပေမယ့် ပေါက်ကွဲတာမရှိခဲ့ဘူး။”ဟု Snipe Rangers Force (Local - PDF) ဦးဆောင်သူ ရဲဘော်ဆလိုင်းက Tachileik News Agency ကိုပြောသည်။

 

တော်လှန်ရေးတပ်များ၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က မဟာမိတ်တပ်ဖွဲ့များဘက်သို့ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သစ်ကျင်းကြီးရွာတွင် စစ်ကောင်စီတပ်များအထိုင်ချထားခြင်းဖြစ်ပြီး တပ်ချိန်းရာတွင် စစ်ကောင်စီတပ်သား (၂၀)ဝန်းကျင်သာပါဝင်ပြီး ပျူစောထီးအများအပြားပါဝင်လာသည်ဟု သိရသည်။

“အဲဒီစစ်ကောင်စီတပ်တွေ မြို့နယ်အတွင်းမှာ ဘာမှမလုပ်နိုင်လို့ တပ်ချိန်းတာလို့လည်း သတင်းရထားပါတယ်။ ချိန်းတဲ့တပ်က တခြားပျူရွာတွေ ပျူစောထီးတွေနဲ့ တပ်ချိန်းတာ ။ အရာတော် ငွေတွင်းပျူစောထီးစခန်းက ပျူတွေလည်းပါတယ်။”ဟု ၎င်းကဆက်ပြောသည်။

ယမန်နေ့ညပိုင်းကလည်း သာစည်အကျဉ်းထောင်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်က (၆၀)မမ နှစ်လုံးပစ်ခတ်သည့်အပြင် လက်နက်ငယ်များနှင့်ပစ်ခတ်ခြင်းများပြင် ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့တော်ခန်းမမှ ဇလွန်အဝိုင်း၊ စီးပွားရေးတကက္ကသိုလ်တို့တွင် အင်အားတိုးချဲ့ထားသည်ဟု သိရသည်။

တိုက်ခိုက်ခဲ့မှုကို Snipe Rangers Force (Local - PDF)၊ Hero Brother Monywa (Local - PDF) ၊ BLACK DRAGON Monywa(Local - PDF)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Snipe Rangers Force (ပုံဟောင်း)