မန္တလေးတွင် ရဲတပ်ဖွဲ့ကို ဓားနှင့်ဝင်ခုတ်သူအား ပစ်ခတ်

မန္တလေးတွင် ရဲတပ်ဖွဲ့ကို ဓားနှင့်ဝင်ခုတ်သူအား ပစ်ခတ်

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် (စ)ရပ်ကွက်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့အား ဓားဖြင့်ဝင်ခုတ်သူ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်လိုက်သည်ဟု စစ်ကောင်စီဘက်က ဖော်ပြသည်။ 

 

ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၆)ရက်နေ့ နံနက် (၅)နာရီခွဲတွင် ရဲတပ်ဖွဲ့နှင့် သတင်းပေးများ ကင်းလှည့်နေစဉ် ပြည်ကြီးတံခွန်မြိုနယ် (စ)ရပ်ကွက် ၅၉(B)× ၆၀ လမ်းကြား၊ (၁၂၅)လမ်း၌ (၁၂၅)လမ်းအတိုင်း အနောက်မှ အရှေ့သို့ အမျိုးသား (၂)ဦး မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်ခိုင်းသည်ဟု သိရသည်။

ထို့နောက် မောင်းနှင်လာသည့်အမျိုးသားသည် ဆိုင်ကယ်ထား၍ ထွက်ပြေးသွားပြီး နောက်မှထိုင်၍ လိုက်လာသော အမျိုးသားက ဓားရှည်ဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် သတင်းပေးများကို ဝင်ခုတ်ရာ ရဲတပ်ဖွဲ့ဘက်က သေနတ်ဖြင့် ပစ်ခတ်လိုက်သည်ဟု စစ်ကောင်စီဘက်က ဖော်ပြသည်။ 

“စစ်ကောင်စီတပ်ဘက်က သေနတ်နဲ့ ပစ်လိုက်တာလို့ပဲကြားတာ။ လမ်းသွားလမ်းလာသူကို ပစ်သွားတာလို့ပဲ သိရတယ်။ ဓားနဲ့ဝင်ခုတ်စရာအကြောင်းရှိလို့လား ဘယ်သူကလုပ်ရဲမှာလဲ။ အဲဒီဘက်က ပျူစောထီးတွေ ကြီးစိုးနယ်မြေကို။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

သေနတ်နှင့် ပစ်ခတ်ခံရသဖြင့် အမျိုးသားမှာ ယာဝမ်းဗိုက်ထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားပြီး  ရုပ်အလောင်းအား လောကပါလ လူမှုကူညီရေးယာဉ်ဖြင့် မန္တလေးပြည့်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကာ အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။

ရဲတပ်ဖွဲ့ဝင်များက မည်သည့်အတွက်ကြောင့် ပစ်ခတ်သည်ကိုမူ သီးခြားစုံစမ်းနိုင်ခြင်းမရှိသေးသည့်အပြင် ပစ်ခတ်ခံရသူမှာ မည်သူဖြစ်သည်ကိုလည်း မသိရသေးပါ။

#TachileikNewsAgency

#TNA_MAT