တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်းလိုက်ပြီး နိုင်ငံတော်အား ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစ၍ နိုင်ငံတော်အရေးပေါ်အခြေအနေ တစ်နှစ်သတ်မှတ်လိုက်ကြောင်း တပ်မတော်ပိုင် မြဝတီရုပ်သံလိုင်းက ထုတ်ပြန်လိုက်သည်။
မဲစာရင်းများကို စစ်ဆေးပြီးလိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန်အတွက် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာအရပ်ရပ်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အပ်နှံလိုက်ကြောင်း ယာယီသမ္မတ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံတွင်း ဆက်သွယ်ရေးလိုင်းအားလုံး၊ အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်အပြင် တပ်မတော်ပိုင် မြဝတီရုပ်သံမှလွဲ၍ ကျန် TV Channel အားလုံးကို ပိတ်ထားပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ NLD CEC များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် NLD ပါတီ ကိုယ်စားလှယ်များအား တပ်မတော်က ဖေဖေါ်ဝါရီလ နံနက်အစောပိုင်းတွင် ဖမ်းဆီးလိုက်ပြီးနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် အရေးပေါ်အခြေအနေကြေညာကြောင်း ထုတ်ပြန်ချက်အား ဖေဖော်ဝါရီလ (၁) ရက်နေ့ နံနက် (၉) နာရီဝန်းကျင်တွင် တပ်မတော်ပိုင် မြဝတီရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။
မဲစာရင်းများ ပြဿနာများကို ဖြေရှင်းရန် ငြင်းပယ်ခြင်း၊ အရေးယူ ဆောင်ရွက်မှု မပြုခြင်း၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုအပေါ် ရွှေ့ဆိုင်းပေးခြင်း မရှိခြင်း၊ ပြည်သူ့လွှတ်တော် အစည်းအဝေး အစီအစဉ်များ ထုတ်ပြန်ကာ အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်ရန် ဆောင်ရွက်ခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈၊ ပုဒ်မ ၄၁၇ ပါ နိုင်ငံတော်၏အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူရန် ယူဆသည်ဟု တပ်မတော်ပိုင် မြဝတီရုပ်သံလိုင်းမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈၊ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့်နယ်မြေသည် နိုင်ငံတဝှမ်းလုံးဖြစ်ကြောင်းနှင့် အရေးပေါ်အခြေအနေအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ အမိန့်ထုတ်ပြန်သည့်နေ့မှစ၍ (၁) နှစ်သတ်မှတ်လိုက်သည်ဟု ထုတ်ပြန်သည်။
Tachileik News Agency