ခင်ဦးမြို့နယ် ရွာသစ်ကျေးရွာကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့နေ၍ အနီးရှိကျေးရွာများမှ ဒေသခံ (၄၀၀၀)ကျော် ထွက်ပြေးနေရ 

Photo: ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
Photo: ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
ခင်ဦးမြို့နယ် ရွာသစ်ကျေးရွာကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့နေ၍ အနီးရှိကျေးရွာများမှ ဒေသခံ (၄၀၀၀)ကျော် ထွက်ပြေးနေရ 

 စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာသစ်ကျေးရွာအား စစ်ကောင်စီတပ်များက ၂၀၂၃ခုနှစ်၊ ဇွန်လ(၂)ရက်နေ့၊ နံနက်ပိုင်းတွင် တတိယ အကြိမ်မြောက် ထပ်မံမီးရှို့နေ၍ အနီးရှိကျေးရွာများမှ ဒေသခံ (၄၀၀၀)ကျော် ထွက်ပြေးနေရကြောင်း သိရသည်။

မူးသာကျေးရွာတွင် ညအိပ်ခဲ့သော စစ်ကောင်စီတပ်သားအင်အား (၁၀၀)ကျော်သည် နံနက်(၅)နာရီခွဲဝန်းကျင်တွင် ကျီးအိုင်ကျေးရွာ အတွင်းသို့ လက်နက်ကြီး၊ နက်လက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

၎င်းစစ်ကြောင်းကြောင့် ကျီးအိုင်ရွာ၊ သဲကုန်းကြီးရွာ၊ မုံတော (တောင်)ရွာ၊ ဒါန်းကုန်းရွာ၊ မူးသာရွာစသည့် ကျေးရွာများမှ ဒေသခံ (၄၀၀၀)ကျော်  ထွက်ပြေးနေရပြီး အကူအညီများ လိုအပ်နေသည်ဟု သိရသည်။

ရွာသစ်ကျေးရွာကို စစ်‌ကောင်စီတပ်နှင့် ပျူစောထီး အင်အား (၁၀၀)ကျော်သည် ဇွန်လ(၁)ရက်နေ့၏ နံနက်ပိုင်းကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်၍ ဒေသခံ အမျိုးသားတစ်ဦးကို ဖမ်းဆီးနှိပ်စက်ကာ ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။

ထို့နောက် ၎င်းစစ်ကြောင်းသည် ရွှေဘို - ညောင်ပင်သာ - ရေဦး ကားလမ်းဘေး ရွာသစ်ကျေးရွာတောင်ဘက် မူးသာကျေးရွာအတွင်း ဝင်ရောက်ကာ နေအိမ်များအား မွှေနှောက်ဖျက်ဆီး၍ အနီးကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းကြောင့် ရွာသစ်ကျေးရွာ အပါအဝင် မူးသာကျေးရွာ၊ သက်ပေးကျေးရွာတို့မှ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။