ဝေါမြို့နယ် အုတ်ဖို ၃ ရွာတွင် ကင်းစခန်းအတွင်း ဖဲရိုက်နေသည့် ပျူစောထီးများကို ပူးပေါင်းတပ်များဝင်ပစ်၊ ပျူစောထီးခေါင်းဆောင်သေပြီး ၃ ဦးဖမ်းခံရ

ဝေါမြို့နယ် အုတ်ဖို ၃ ရွာတွင် ကင်းစခန်းအတွင်း ဖဲရိုက်နေသည့် ပျူစောထီးများကို ပူးပေါင်းတပ်များဝင်ပစ်၊ ပျူစောထီးခေါင်းဆောင်သေပြီး ၃ ဦးဖမ်းခံရ
ဇန်နဝါရီ 16, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း ဝေါမြို့နယ် အုတ်ဖို ၃ ရွာထိပ်၌ ကင်းစခန်းအတွင်း ဖဲရိုက်နေသည့် ပျူစောထီးများကို KNLA ပူးပေါင်းတပ်များက ယမန်နေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၅)ရက်နေ့ ညပိုင်းတွင် ဝင်ရောက်ပစ်ခတ်ရာ ပျူစောထီးခေါင်းဆောင်သေပြီး (၃)ဦးကို ဖမ်းမိကာ လက်နက်(၂)လက်လည်း သိမ်းဆည်းရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါကင်းစခန်းသည် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ပူးပေါင်းအထိုင်ချထားသည့် ရွာလုံခြုံရေးကင်းစခန်းဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပျူစောထီးများသာ သေဆုံး၊ ဖမ်းဆီးခံရပြီး စစ်ကောင်စီတပ်သားများ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

“မနေ့ညက (၈)နာရီမှာ ပူးပေါင်းအဖွဲ့တွေက စစ်တပ်အထိုင်ယာယီတပ်စခန်းကို လာတိုက်ကြတာ။  ပျူခေါင်းဆောင်တစ်ယောက်သေတယ်။ (၃)ယောက်ကို ဖမ်းဆီးသွားတယ်။ စစ်ခွေးတွေတော့တစ်ကောင်မှ မရှိတော့ဘူး။ ထွက်ပြေးသွားတယ်။ လက်လုပ်သေနတ် (၂)လက်ရသွားတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

အဆိုပါကင်းစခန်းတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား(၇)ဦးဝန်းကျင်သာရှိပြီး ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်စဉ် ပျူစောထီးများမှာ ဖဲရိုက်နေသဖြင့် (၃)ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ကင်းစခန်းထဲမှာ ဖဲရိုက်နေကြတာ။ ဖဲရိုက်နေတဲ့ကောင်တွေအားလုံး ထွက်ပြေးသွားကြတယ်ပြောတယ်။ သေနတ်ဆွဲပြီး လာတဲ့ကောင် (၃)ယောက်ကိုတော့မိတယ်”ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။ 

အဆိုပါဖြစ်စဉ်ပြီးနောက် စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ရောက်ရှိလာပြီး အုတ်ဖို ၃ ရွာရှိ NLD၏ ဝေါမြို့နယ်အမျိုးသမီးရေးရာ ဥက္ကဌနေအိမ်ကို မီးရှို့ဖျက်ဆီးသွားပြီး ဒေသခံ(၆)ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

အုတ်ဖို ၃ ရွာသည် စစ်ကောင်စီတပ်များ အထိုင်ချထားသည့် တနော်ကျွန်း၊ လက်ပန်၊ မြစ်ကျိုးစခန်းများနှင့် (၁)မိုင်ဝန်းကျင်သာ ဝေးသည်ဟု သိရသည်။

#TachileikNewsAgency