ရခိုင်လူမျိုးများကို စစ်ကောင်စီတပ်က ခရီးသွားလာခွင့် ပိတ်ပင်ထားသည်ဆိုသော သတင်းများကြောင့် ပြည်မရောက် ရခိုင်လူမျိုးများ ခရီးမသွားရဲသည့် အခြေအနေဖြစ်လာနေသည်ဟု ရခိုင်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် တိမ်းရှောင်လာကြရသည့် ရခိုင်လူမျိုးများကို ကားလက်မှတ် မရောင်းပေးဟုဆိုသော ကောလာဟလ သတင်းများ ထွက်ပေါ်နေသည့်အပြင် စစ်ကောင်စီတပ်ဘက်ကလည်း ဖမ်းဆီးမှု များ လုပ်ဆောင်နေခြင်းတို့ကြောင့် ခရီးသွားလာခြင်းကို ရှောင်ကြဉ်နေကြရသည်ဟု ဆိုသည်။
“ခရီးသွားဖို့ နေနေသာသာ ရန်ကုန်ထဲတောင် မသွားရဲကြဘူး။”ဟု ရန်ကုန်ရောက် ရခိုင်စစ်ရှောင်တစ်ဦးက Tachileik News Agency ကို ပြောသည်။
ခရီးသွားသည့် ရခိုင်လူမျိုးများကို စစ်ကောင်စီတပ်က အစစ်အဆေးလုပ်ခြင်း၊ ဖမ်းဆီးခြင်းသတ်ဖြတ်ခြင်း စ သည့် သတင်းများထွက်ပေါ်နေခြင်းကြောင့် ရခိုင်လူမျိုးများ ခရီးသွားလာခြင်းကို ရှောင်ကြဉ်နေကြရခြင်းဖြစ် ဟုလည်း စစ်ရှောင်တစ်ဦးက ဆိုသည်။
“ရခိုင်တွေ ဘယ်မှ မသွားရဲကြဘူး။ ဖမ်းဆီးမှုတွေ ရှိနေတယ်။ အစစ်အဆေးများတယ်။ အသက်ကြီးပိုင်တွေတော့ ပြဿနာမရှိ။”ဟု ရန်ကုန်ရောက် ရခိုင်စစ်ရှောင်တစ်ဦးက Tachileik News Agency ကို ပြောသည်။
ယခုရက်ပိုင်းအတွင်း ရခိုင်လူမျိုး ၁၁/ မှတ်ပုံတင် ကိုင်ဆောင်သူဖြစ်ပါက လက်မှတ်လုံးဝမရောင်းဘဲ ကားပေါ်ပါ လာပါက ကားကိုပါ ဖမ်းဆီးသည့် ကောလဟာလသတင်းများလည်း ထွက်ပေါ်နေသည်။
“စစ်ဆေးတော့ ခံရပါတယ်။ ပုဂံဘုရားဖူးသွားတာ။ ကားတစ်စီးလုံးမှာ ကိုယ်တစ်ယောက်ပဲ ရခိုင်။ ဆင်းပြီးတော့ အစစ်ခံရတယ်။ ဘယ်မှာနေလဲ၊ ဘာလုပ်တာလဲ၊ ရခိုင်ပြန်ဖြစ်လား အဲဒီလိုတွေမေးတယ်။ ရပ်ကွက်ထောက်ခံစာ ပြရတယ်။ ဖုန်းကိုပါစစ်တယ်။ ဆရာမဖြစ်လို့ ဘာမှမလုပ်ပါဘူး။”ဟု ရန်ကုန်တွင် တာဝန်ကျနေသည့် ရခိုင်လူမျိုး ဆရာမတစ်ဦးက Tachileik News Agency ကိုပြောသည်။
သူသည် ပုဂံသို့ အဝေးပြေးယာဉ်လိုင်းလက်မှတ်ဝယ်ယူကာ ဘုရားဖူးသွားခဲ့ခြင်းဖြစ်ပြီး Tachileik News Agency က စုံစမ်းမေးမြန်းသည့် ယာဉ်လိုင်းတစ်ခုကလည်း ရခိုင်လူမျိုးများအား လက်မှတ်မရောင်းချဟုဆိုသော သတင်းအား ယာဉ်လိုင်းဘက်က ကြေညာထားခြင်း မရှိဟု ဆိုသည်။
“ကားလိုင်းဘက်ကနေတော့ ရခိုင်လူမျိုးတွေကို လက်မှတ်မရောင်းဘူးလို့ ကြေညာထားတာ မရှိပါဘူးရှင့်။ မှတ်ပုံတင်မူရင်းနဲ့ နေထိုင်ကြောင်း ရပ်ကွက်၊ ရဲစခန်းထောက်ခံစာ လိုအပ်ပါတယ်။ လမ်းမှာ အစစ်အဆေးကတော့ ရှိပါတယ်ရှင်။ တစ်ရက်နဲ့ တစ်ရက် စစ်ဆေးတာတွေ မတူတာမို့ အတိအကျတော့ မပြောနိုင်ပါဘူးရှင်။”ဟု ယာဉ် လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၂၅)ရက်နေ့တွင် ပြောသည်။
လက်ရှိတွင်လည်း ဧရာဝတီတိုင်း ရေကြည်မြို့နယ် ခွေးတောက်ကွက်သစ်အုပ်စု၊ ကုန်းပြင်အနီးဝန်းကျင်နှင့် တ ခြားမြို့နယ်အတွင်းရှိ ကျေးရွာများတွင်နေထိုင်သော ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီက အတင်းအဓမ္မ ပြောင်းရွေ့ခိုင်းနေသည်ဟုလည်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ(၇)ရက်နေ့က မူဆယ်မြို့သို့ အလုပ်လုပ်ရန်သွားသည့် ရခိုင်အမျိုးသမီးတစ်ဦးကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခြင်းရှိခဲ့သည်။
သတ်ဖြတ်ခံရသူမှာ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့မှ အသက်(၂၅)နှစ်အရွယ် မနွယ်နွယ်မြင့် ဆိုသူဖြစ်ပြီး မူဆယ်မြို့ အဝင် စစ်တပ်ဂိတ်တွင် ခရီးသည်များအား စစ်ဆေးစဉ် ရခိုင်အမျိုးသမီးငယ် (၄)ဦးအား ခေါ်ယူထားလိုက်ပြီး နောက် မနွယ်နွယ်မြင့်ကို AA နှင့်ဆက်စပ်သည်ဟုဆိုကာ သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။
ကျန်ရှိ ရခိုင်အမျိုးသမီး(၃)ဦးကို စစ်ကောင်စီတပ်က ငွေကြေးရာနှင့်ချီတောင်းခံပြီး ပြန်လွှတ်ပေးခဲ့သည်ဟုလည်း သိရသည်။
အာရက္ခတပ်တော်(AA)သည် ရခိုင်ပြည်နယ်အတွင်း ထိုးစစ်ဆင်နေရာ ရခိုင် - ချင်းနယ်စပ်မြို့ဖြစ်သည့် ပလက်ဝမြို့နယ် အပါအဝင် မြို့ပေါင်း(၁၄)မြို့နယ်အား သိမ်းပိုက်ထားပြီဖြစ်ပြီး ကျောက်ဖြူ၊ မာန်အောင်နှင့် စစ်တွေတို့တွင်သာ စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး ဂွမြို့နယ်တွင် တိုက်ပွဲ များပြင်းထန်နေကြောင်း သိရသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဇနီးဖြစ်သူ ကြူကြူလှသည် ရခိုင်တိုင်းရင်းသားဖြစ်သလို ရခိုင်ပြည်နယ် သံတွဲဇာတိဖြစ်ကြောင်းလည်း သိရသည်။