တာချီလိတ် နှင့် မယ်ဆိုင်ကြား အမှတ်(၁)တံတားကို ယခင်လို ညပိုင်းအထိ တိုးမြှင့်ဖွင့်လှစ်ပေးရန် ဒေသခံများ လိုလားနေ

 တာချီလိတ် နှင့် မယ်ဆိုင်ကြား အမှတ်(၁)တံတားကို ယခင်လို ညပိုင်းအထိ တိုးမြှင့်ဖွင့်လှစ်ပေးရန် ဒေသခံများ လိုလားနေ
ဇန်နဝါရီ 28, 2025 | ရှမ်းရှေ့

 တာချီလိတ်နှင့်မယ်ဆိုင်အကြား မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားပေါ်ကနေ နေ့စဉ် နှစ်ဖက် သွားလာသူများပြားလာသည်နှင့်အမျှ  တံတားပေါ် တန်းစီ စောင့်ဆိုင်းရသည့် အချိန်ကြာလာသည့်အတွက် တံတား၏ ပိတ်ချိန် ဖွင့်ချိန်များကို Covid-19 ကာလ မတိုင်မီကကဲ့သို့ ညပိုင်းအထိ အချိန်တိုးမြှင့် ဖွင့်ပေးရန် ဒေသခံများက လိုလားနေကြသည်။

"တံတားမှာက လက်မှတ်လုပ်သူတွေက များလာတဲ့အပြင် မယ်ဆိုင်ဘက်မှာ အဖြူရောင်ကတ်လုပ်တဲ့အခါမှာလည်း လူများပြီဆိုရင် အနည်းဆုံး (၁)နာရီကနေ (၂)နာရီကျော်အထိ တန်းစီစောင့်ဆိုင်းရတဲ့အထိကို ကြာတာ။ အဲ့တော့ တံတားပေါ်မှာပဲ အချိန်ကုန်သွားတယ်။ မယ်ဆိုင်ဘက် ဈေးဝယ်တာ အလည်သွားတာတွေမှာ အချိန်က မလောက်တော့ဘူး။ ည(၆)နာရီ တံတားပိတ်ချိန်ကို အမီပြေးပြန်နေရတဲ့ အဖြစ် ခဏခဏ ကြုံနေရတယ်"ဟု တာချီလိတ်ဒေသခံ တစ်ဦးက ဇန်နဝါရီလ(၂၈)ရက်နေ့တွင် Tachileik News Agency သို့ ပြောသည်။

ညပိုင်းအထိ အချိန်တိုးမြှင့်ဖွင့်လှစ်ခြင်းသည် နှစ်ဖက် ဒေသခံများအတွက် အဆင်ပြေစေပြီး ပြဿနာများ ပေါ်ပေါက်ခြင်းမရှိခဲ့၍ ယခုလည်း ယခင်လို ပြန်လည်တိုးမြှင့်ဖွင့်လှစ်ပေးသင့်ကြောင်း လုပ်ငန်းရှင်တစ်ဦးက အကြုံပြုသည်။

"ဟိုးအရင်က တံတားကို နေ့ပိုင်းပဲ ဖွင့်တာ။  နောက်ပိုင်းမှာ နှစ်ဖက် အကျိုးစီးပွားနဲ့ ဒေသခံတွေရဲ့ အကျိုးကို ရှေ့ရှုပြီး ညပိုင်းအထိ အချိန်တိုးဖွင့်တာ။ အဲ့လို ဖွင့်တော့ ဘာပြဿနာမှ မရှိဘူး။ အားလုံးအတွက်လည်း အဆင်ပြေသလို တချို့ ချင်းရိုင်းအထိ နေ့ချင်းပြန် အလည်အပတ်သွားသူတွေလည်း တံတားပိတ်ချိန် ကို အေးအေးဆေးဆေး လာလို့ရတော့ စိတ်မမောရဘူး။ အခုလည်း အရင်လို ညပိုင်းအထိ ပြန်ဖွင့်ပေးစေချင်ပါတယ်။ အားလုံးအတွက် အဆင်ပြေအောင်ပေါ့ဗျာ"ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားအား ယခင်က နံနက်(၆)နာရီမှ ည(၆)နာရီအထိ ဖွင့်လှစ်ခဲ့ရာ နှစ်ဖက်ပြည်သူများ အဆင်ပြေရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် နှစ်ဖက် အစိုးရ သဘောတူညီချက်အရ မြန်မာစံတော်ချိန် နံနက်(၆)နာရီမှ ည(၈)နာရီခွဲအထိ အချိန်တိုးမြှင့် ဖွင့်လှစ်ခြင်းကို ၂၀၁၅ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့က စတင်ခဲ့သော်လည်း Covid-19 ကြောင့် ညပိုင်းအထိ ဖွင့်လှစ်ခြင်းကို ၂၀၂၀ခုနှစ် မတ်လ(၂၂)ရက်နေ့ ည(၈)နာရီခွဲအထိသာ  ဖွင့်လှစ်ခဲ့သည်။

နောက်ပိုင်းတွင် Covid-19 ရောဂါ စိုးရိမ်စရာ မရှိတော့သည့် အခြေအနေကြောင့် အဆိုပါ တံတားအား  ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့ကစပြီး ပြန်လည်ဖွင့်လှစ်လိုက်သော်လည်း နံနက်(၆)နာရီမှ ည(၆)နာရီအထိသာ ဖွင့်လှစ်ပေးထားခြင်း ဖြစ်သည်။ 

"တံတား ပြန်ဖွင့်တုန်းက အရင်လိုပဲ ညပိုင်းအထိ ဖွင့်ပေးမလားဆိုပြီး မျှော်လင့်ခဲ့သေးတာ။ ပိတ်ထားတာထက်စာရင် ပြန်ဖွင့်ပေးတာ တော်သေးတယ်လို့ တွေးလိုက်ပါတယ်။ အခုတော့ ပုံမှန်သွားလာနေကြတာ အရမ်းများလာတဲ့အပြင် ဧည့်သည်တွေလည်း များလာတယ်လေ။ အဲ့တော့ မယ်ဆိုင်ဘက် သွားရင် တံတားပိတ်ချိန်မီအောင် အပြေးပြန်ရတာ အဆင်မပြေလှဘူး ဟိုးအရင်လို ည(၈)နာရီအထိ အချိန်တိုးမြင့် ဖွင့်ပေးစေချင်ပါတယ်။"ဟု  ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။

 တာချီလိတ်မြို့တွင် ချစ်ကြည်ရေး တံတား (၂)စင်းရှိသည်အနက် အမှတ်(၂)တံတားမှာ ကုန်သွယ်ရေးအတွက် အဓိက အသုံးပြုခြင်းဖြစ်ပြီး အမှတ်(၁)ကို နှစ်ဖက် ကား၊ ဆိုင်ကယ် နှင့် ခြေလျင်သွားလာသူများအတွက် အသုံးပြုသည်။