မြန်မာ - လာအို - ထိုင်း သုံးနိုင်ငံ နယ်စပ် ရွှေတြိဂံဒေသ လာအိုနိုင်ငံ ရွှေတြိဂံ အထူးစီးပွားရေးဇုန်အတွင်း ကျားဖြန့်လုပ်ငန်းစုပေါင်း (၃၀၀)ကျော်ကို နှိမ်နှင်းနိုင်ခဲ့ပြီး ဆက်လက်၍လည်း ကျန်ရှိသည့် လက်ကျန် ကျားဖြန့်လုပ်ငန်းစုများကို စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း လာအိုရဲတပ်ဖွဲ့ ပြောကြားထားသည်။
လာအိုရဲတပ်ဖွဲ့အနေဖြင့် ယနေ့အထိ ရွှေတြိဂံနယ်မြေ အထူးစီးပွားရေးဇုန်အတွင်းမှ ကောလ်စင်တာ ငွေလိမ် ကျားဖြန့်လုပ်ငန်းများကို နှိမ်နှင်းခဲ့သည်မှာ စုစုပေါင်း (၃၀၆)ခုအထိ ရှိနေပြီး အဆိုပါ ကျားဖြန့် လုပ်ငန်းစုများတွင် လာအိုနိုင်ငံသား (၆,၁၂၀)ဦး နှင့် ပြည်ပအလုပ်သမား (၉,၈၆၈)ဦး အလုပ် လုပ်ကိုင်ခြင်း ဖြစ်ကြောင်း လာအိုရဲဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဗင်းသွန်း ဆူလီဆက် က ပြောသည်။
ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် ကျားဖြန့်လုပ်ငန်းများ တိုက်ဖျက်ရေးနှင့်လုပ်ငန်းဆောင်ရွက်မှု ချပြရှင်းလင်းသည့် တွေ့ဆုံရှင်းလင်းပွဲကို ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၇)ရက်နေ့က ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးများနှင့် ရွှေတြိဂံအထူးစီးပွားရေးဇုန်မှ အဓိက တာဝန်ရှိသူများ တက်ရောက်ကာ ဆွေးနွေးကြချိန်တွင် ရဲတပ်ဖွဲ့က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ချပြရှင်းလင်းခြင်း ဖြစ်သည်။
လာအိုရဲတပ်ဖွဲ့အနေဖြင့် ယနေ့အထိ ရွှေတြိဂံနယ်မြေ အထူးစီးပွားရေးဇုန်အတွင်းမှ ကောလ်စင်တာ ငွေလိမ် ကျားဖြန့်လုပ်ငန်းများကို နှိမ်နှင်းခဲ့သည့်မှာ လုပ်ငန်း စုစုပေါင်း (၃၀၆)ခုအထိ ရှိနေပြီး အဆိုပါ ကျားဖြန့် လုပ်ငန်းစုများတွင် လာအိုနိုင်ငံသား (၆,၁၂၀)ဦး နှင့် ပြည်ပအလုပ်သမား (၉,၈၆၈)ဦး အလုပ် လုပ်ကိုင်ခြင်း ဖြစ်ကြောင်း လာအိုရဲဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဗင်းသွန်း ဆူလီဆက် ဇန်နဝါရီလ(၇)ရက်နေ့တွင် ပြောကြားသည်။
၂၀၂၄ခုနှစ် တစ်နှစ်တာတွင်း အနေဖြင့် အွန်လိုင်း နှင့် ဖုန်းတို့ဖြင့် ဆက်သွယ်ကာ ငွေကြေးလိမ်လည်သည့် ကောလ်စင်တာ ကျားဖြန့်လုပ်ငန်း (၉)ခုကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး တစ်နှစ်တာအတွင်း အိန္ဒိယနိုင်ငံသား စုစုပေါင်း (၅၄၃)ဦးကို ကယ်တင်နိုင်ခဲ့ကြောင်းလည်း ရှင်းလင်းပြောကြားထားသည်။
၂၀၂၄ခုနှစ်၏ တစ်နှစ်တာအတွင်း ကျားဖြန့်လုပ်ငန်း (၉)ခုကို ဖော်ထုတ်ဖမ်းဆီးရမိရာတွင် ဆင့်ကဲ့အနေဖြင့် နိုင်ငံပေါင်း (၁၆)နိုင်ငံမှ လူပုဂ္ဂိုလ်များနှင့် ကွန်ပျူတာအလုံးရေ (၁၀,၀၀၀)ကျော်၊ မိုင်ဘိုင်းဖုန်း (၁၀,၀၀၀)ကျော် နှင့် ငွေကြေး အပါအဝင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။
၂၀၂၄ခုနှစ်အတွင်း ကျားဖြန့်လုပ်ငန်းများကို နှိမ်နှင်းမှုတွင် ဇွန်လ တစ်လတည်းမှာပင် ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား (၂၈၀)ကို ပြည်နှင်ဒဏ်ပေးခဲ့ပြီးကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် (၂)နှစ်အတွင်းက လာအိုရဲတပ်ဖွဲ့အနေဖြင့် ကျားဖြန့်လုပ်ငန်း (၆၃)ခုကို ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ကြောင်းနှင့် ကျားဖြန့်လုပ်ငန်း (၁၆၀)ကျော်မှာ အွန်လိုင်းလောင်းကစားလုပ်ငန်းများအဖြစ် ပြောင်းလဲ လုပ်ကိုင်လာကြောင်း အပြင် နောက်ထပ် ကျားဖြန့်လုပ်ငန်းဟု ယူဆရသည့် ကောလ်စင်တာ (၃၇)ခုကိုလည်း ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ကြောင်း လာအိုရဲဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဗင်းသွန်း ဆူလီဆက် က ပြောသည်။
ရွှေတြိဂံအထူးစီးပွားရေးဇုန်အတွင်း ကောလ်စင်တာနှင့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများ ပပျောက်ရေးသည် အလွန်အရေးကြီးကြောင်း လာအိုနိုင်ငံ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု ဒုဝန်ကြီး ဆထာပန်တစ် က ပြောကြားထားသလို ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန အထွေထွေရဲဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး ဝမ်တုံက ရွှေတြိဂံအထူးစီးပွားရေးဇုန်အတွင်း ကျန်ရှိသည့် ကျားဖြန့်လုပ်ငန်းများကို ထိထိရောက်ရောက် စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်းလည်း တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားထားသည်။
ရွှေတြိဂံအထူးစီးပွားရေးဇုန်၏ ပြည်သူ့လုံခြုံရေးဗျူရို၏ ဒါရိုက်တာအာနုစင် က စီးပွားရေးဇုန်အတွင်း ကျားဖြန့်လုပ်ငန်းစုများကို တိုက်ဖျက်ရာတွင် ကောင်းမွန်သည့် ရလာဒ်များ ထွက်ပေါ်ခဲ့သလို နောင်တွင်လည်း အထူးအုပ်ချုပ်ခွင့်ရ ဒေသ၏ ဌာနအသီးသီးမှ ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ ကြီးကြပ်စစ်ဆေးခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှုများသည် ဥပဒေ၊ စည်းကမ်းများနှင့်အညီ ဆက်သွယ်ရေးလိမ်လည်မှုကို လုံးဝ ပပျောက်စေရေး၊ သန့်ရှင်းအေးချမ်းသာယာရေးနှင့် ပြန်လည်ထူထောင်ရေး၊ အထူးအုပ်ချုပ်ရေးဒေသတွင် စီးပွားရေးနှင့် လိုက်လျောညီထွေရှိသော လူနေမှုပတ်ဝန်းကျင်ကို ထူထောင်မည်ဖြစ်ကြောင်း ဇန်ဝါရီလ(၇)ရက်နေ့က ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် ပြုလုပ်သည့် ကျားဖြန့်လုပ်ငန်းအရေး တွေ့ဆုံဆွေးနွေးပွဲတွင် ရှင်းလင်းတင်ပြသည်။
လာအိုနိုင်ငံ ရွှေတြိဂံဒေသအတွင်း တချိန်က မူးယစ်ဆေးဝါး မှောင်ခိုနယ်မြေအဖြစ် ကျော်ကြားခဲ့သည့် နေရာကို ရွှေတြိဂံအထူးစီးပွားရေးဇုန်အဖြစ် ၂၀၀၇ခုနှစ်က စတင်၍ တည်ဆောက်ကာ လုပ်ကိုင်လာခြင်း ဖြစ်သော်လည်း လာအိုအစိုးရက ၂၀၁၀ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် အမျိုးသားအဆင့် ရွှေတြိဂံအထူးစီးပွားရေးဇုန်အဖြစ် လုပ်ငန်း လုပ်ကိုင်ခွင့် သက်တမ်း (၉၉)နှစ် ခွင့်ပြုကာ တရားဝင် စာချုပ် ချုပ်ဆိုကာ အတည်ပြုပေးထားခြင်းဖြစ်ပြီး လက်ရှိ အချိန်အထိ တည်ဆောက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံသား အများအပြား အလုပ် လုပ်ကိုင်နေလျှက် ရှိကြောင်း သိရသည်။
Source: LaotianTimes, Golden Triangle Special Economic Zone
Photo: Lao Security News, Golden Triangle Special Economic Zone