တရုတ်နိုင်ငံကို တင်ပို့မည့် ထိုင်းဒူးရင်းသီးများတွင် အဝါရောင် ဆိုးဆေးများ သုံးထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် တင်ပို့ခွင့် ပယ်ချခံရကြောင်း ထိုင်းစိုက်ပျိုးရေးဌာနက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
တရုတ်နိုင်ငံ တင်ပို့ခွင့်ပယ်ခံရသည့် ထိုင်းဒူးရင်းသီး (၆၄,၆၇၁)ကီလိုကို စိုက်ပျိုးရေးဌာနက ပြန်လည်စစ်ဆေးရာ အဝါရောင်ဆိုးဆေး (Basic Yellow 2 _BY2) သုံးထားသည်ကို စစ်ဆေးတွေ့ရှိရသည်ဟု အတည်ပြုထားသည်။
တရုတ်နိုင်ငံတင်ပို့ရန် ပယ်ချခံရသည့် အဆိုပါ ဒူးရင်းသီးများအား မြေမြုပ် ဖျက်ဆီးပစ်ပြီး ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်သည်။
ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဒူးရင်းပြည်ပတင်ပို့သည့် လုပ်ငန်းရှင် (၂၆)ဦးကိုလည်း တင်ပို့ခွင့် ရပ်ဆိုင်းထားသည်ဟု သိရသည်။
အဝါရောင် ဆိုးဆေးများကို ဒူးရင်းသီးများ အဝါရောင်သန်းကာ အရောင်လှစေရန် အသုံးပြုလာကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်ရပ်ကြောင့် နိုင်ငံခြားတင်ပို့သည့် စိုက်ပျိုးရေးထွက်ကုန်များတွင် အရောင်ဆိုးဆေးအသုံးပြုထားမှု ရှိ၊ မရှိ ဓါတ်ခွဲစစ်ဆေးရန် စိုက်ပျိုးရေးဝန်ကြီးဌာနက စည်းမျဉ်းသစ် ထပ်တိုးထည့်သွင်းသွားမည်ဟု သိရသည်။
Source: The Nation
Photo: ฐานเศรษฐกิจ