AI ပါဝင်လာမှုကြောင့် လိင်ဖျော်ဖြေမှု အရုပ်များ ရောင်းအားတက်လာမည်ဟု တရုတ်ကုမ္ပဏီ မျှော်မှန်း

AI ပါဝင်လာမှုကြောင့် လိင်ဖျော်ဖြေမှု အရုပ်များ ရောင်းအားတက်လာမည်ဟု တရုတ်ကုမ္ပဏီ မျှော်မှန်း
ဖေဖော်ဝါရီ 24, 2025 | ကမ္ဘာ့သတင်း
By Mr John

AI (ဉာဏ်ရည်တု) နည်းပညာ ပါဝင်လာမှုကြောင့် လိင်ဖျော်ဖြေမှု အရုပ်များ ရောင်းအားမှာ ၂၀၂၅ ခုနှစ်တွင် (၃၀) ရာခိုင်နှုန်း စံချိန်တင် မြင့်တက်လာမည်ဟု တရုတ်နိုင်ငံ၏ အကြီးဆုံး လိင်ဖျော်ဖြေမှု အရုပ်လုပ်ငန်းတစ်ခုဖြစ်သည့် WMDoll က မျှော်မှန်းထားသည်။ 

AI စနစ် ပါဝင်သော ၎င်း၏ အရုပ်များက အသုံးပြုသူအတွက် အတွေ့အကြုံ ခံစားမှုကို ပိုမိုကောင်းမွန်စေမည်ဟု ဆိုသည်။

WMDoll က AI စနစ် ပါဝင်သော LLM (large language model) မော်ဒယ် လိင်ဖျော်ဖြေမှု အရုပ်များကို မိတ်ဆက်ခဲ့ရာ အများအားဖြင့် ကောင်းမွန်သော တုံ့ပြန်မှတ်ချက်များ ရရှိထားကြောင်း လုပ်ငန်းတည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် Liu Jiangxia က ပြောသည်။ 

"AI က အရုပ်တွေကို အလိုက်သင့် တုံ့ပြန်မှုနဲ့ အပြန်အလှန် တုံ့ပြန်မှုမှာ ပိုကောင်းလာစေပြီး အသုံးပြုသူတွေအတွက် ပိုကောင်းတဲ့ အတွေ့အကြုံ ခံစားမှုရစေပါတယ်" ဟု Liu က မကြာသေးမီက ပြုလုပ်ခဲ့သော South China Moring Post သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပြောထားသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဂွမ်းဒေါင်းပြည်နယ် Zhongshan မြို့ အခြေစိုက် WMDoll ကုမ္ပဏီက AI စနစ် ပါဝင်သော ၎င်း၏ နောက်ဆုံးထုတ် MetaBox စီးရီး လိင်ဖျော်ဖြေမှု အရုပ်များကို မိတ်ဆက်ထားသည်။ 

အရုပ်များတွင် အသုံးပြုထားသော AI က အရုပ်တစ်ခုချင်းစီထံမှ အချက်အလက်များကို စီမံဆောင်ရွက်သော data center များရှိ cloud ကွန်ပျူတာစနစ်များနှင့် ချိတ်ဆက်ထားသည်။

AI စနစ် မပါဝင်သော လိင်ဖျော်ဖြေမှု အရုပ်များက ရိုးရိုး တုံ့ပြန်မှုများကိုသာ လုပ်ဆောင်နိုင်ပြီး လူသားတစ်ဦးနှင့် ထိတွေ့ဆက်ဆံရာတွင် လိုအပ်သော ခံစားမှု ဖော်ပြနိုင်စွမ်းမရှိဟု ဆိုသည်။ 

WMDoll ၏ AI ပါဝင်သော LLM စနစ် လိင်ဖျော်ဖြေမှု အရုပ်များက ပိုမိုကောင်းမွန်သော တုံ့ပြန်မှုနှင့် ဖော်ပြနိုင်စွမ်းရှိကြောင်း သိရသည်။

တစ်နှစ်ကြာ တီထွင်ဖန်တီးခဲ့ပြီနောက် WMDoll ကုမ္ပဏီက AI နည်းပညာသုံး LLM စနစ် ပါဝင်သော MetaBox စီးရီး ရှေ့ပြေးနမူနာ လိင်ဖျော်ဖြေမှု အရုပ်များကို ၎င်း၏ အဓိက ဈေးကွက်များဖြစ်သော မြောက်အမေရိကနှင့် ဥရောပရှိ ဖောက်သည်များထံသို့ ပို့ဆောင်ခဲ့သည်။ 

ဖောက်သည်များထံမှ ကောင်းမွန်သော တုံ့ပြန်မှတ်ချက်များ ရရှိထားကြောင်း ကုမ္ပဏီက ဆိုသည်။

WMDoll ၏ AI နည်းပညာသုံး လိင်ဖျော်ဖြေမှု အရုပ်များမှာ လက်ရှိ အမေရိကန်ဒေါ်လာ (၁,၅၀၀) နှင့် (၂,၀၀၀) ကြား ဈေးနှုန်းဖြင့် ရောင်းချနေသော အရုပ်များထက် ဒေါ်လာ (၁၀၀) ကနေ (၂၀၀) အထိ ဈေးပိုပေးရနိုင်ကြောင်း သိရသည်။ 

ထို့အပြင် အသုံးပြုသူများ အနေဖြင့် အရုပ်များကို data center ရှိ cloud ကွန်ပျူတာစနစ်များနှင့် ပထမတစ်နှစ် ချိတ်ဆက်ပြီးနောက် အသုံးပြုခအတွက် လစဥ်ကြေး ကောက်ခံသွားမည်ဟု Liu က ဆိုသည်။

Source: SCMP

Mr John သည် Tachileik News Agency ၏ နိုင်ငံတကာသတင်း ကဏ္ဍအတွက် ဘာသာပြန် သတင်းတင်ဆက်နေသူ ဖြစ်သည်...