တာချီလိတ်မြို့ရှိ Shwe Bun Aung Hotel အား အထောက်အထားမဲ့ တရုတ်နိုင်ငံသားများနှင့် မူးယစ်ဆေးဝါးများ တွေ့ရှိ၍ဟုဆိုတာက ရဲတပ်ဖွဲ့က ယာယီချိတ်ပိတ်

တာချီလိတ်မြို့ရှိ Shwe Bun Aung Hotel အား အထောက်အထားမဲ့ တရုတ်နိုင်ငံသားများနှင့် မူးယစ်ဆေးဝါးများ တွေ့ရှိ၍ဟုဆိုတာက ရဲတပ်ဖွဲ့က ယာယီချိတ်ပိတ်

တာချီလိတ်မြို့တွင် နေရာပြောင်းရွှေ့ပြီး Shwe Bun Aung Hotel ဝန်းအတွင်း  အွန်လိုင်းငွေလိမ် ကောစင်တာ(ကျားဖြန့်)လုပ်ငန်း လုပ်ဆောင်ရန် ပြင်ဆင်နေသည့် တရုတ်နိုင်ငံသား(၁၄)ဦးကို ဖမ်းမိသည့် အမှု အပါအဝင် ဟိုတယ်တွင် တည်းခိုသည့် နောက်ထပ် တရုတ်နိုင်ငံသား တစ်ဦးထံက မူးယစ်ဆေးဝါးများ တွေ့ရှိမှုဖြင့် ဟိုတယ်အား ယာယီ ချိတ်ပိတ်လိုက်ကြောင်း သိရသည်။

Shwe Bun Aung Hotel ဝန်းအတွင်း (၂)ထပ် အဆောက်အဦးအတွင်းမှ တရုတ်နိုင်ငံသားများဖြစ်သည့် ကျုံးရှောက်တုံ၊  လျှိုကျန်ချောင်၊ ဝမ်ဟုန်ကျွင်း၊ ရွဲ့ဖျင်ဖာ၊  ယမ်ယင်ဟွာ၊ ရှောင်လု၊ ကျိုချွင်ဟုန်၊    ကျိုးကျင့်ခံ၊ ကျင်တလုံ၊ တုန်ကျင်မုန်၊     ကျူးဝန်လုံ၊ ဝမ်ချင့်ယုံ၊ လီတကျင်းနှင့် ယွမ်ကတင် တို့ကို ဖုန်း(၃၂)လုံးနှင့်အတူ ဖမ်းမိခြင်းဖြစ်ပြီး ၎င်းတို့သည်  အွန်လိုင်းငွေလိမ် ကောစင်တာ(ကျားဖြန့်)လုပ်ငန်း လုပ်ကိုင်ရန် ခိုအောင်းနေချိန်  ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ ညပိုင်းက ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု သိရသည်။

ဖေဖော်ဝါရီလ(၂၃)ရက်နေ့၏ ညမှာပင်  ဟိုတယ်၏ အခန်းနံပါတ် (၂၀၄)တွင် တည်းခိုနေထိုင်သူ အသက်(၃၀)ဝန်းကျင်ရှိ ဟွမ်လျှို အမည်ရှိ  တရုတ်နိုင်ငံသားကိုလည်း  ကတ်တမင်း (၅)ကီလို ဝန်းကျင် အပါအဝင် တားမြစ် မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားသည့် Happy water (၇)ကီလို၊ Frimin-5 ဆေးကတ် (၃၀၀)ဝန်းကျင်၊ အက်တက်စီ(Ecstasy) အရောင်မျိုးစုံ ဆေးပြား (၃,၆၀၀)ကျော် နှင့် ဆက်စပ်ပစ္စည်းများဖြင့် ဖမ်းဆီးရမိသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး တာချီလိတ်မြို့ ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်အတွင်းရှိ Shwe Bun Aung Hotel ကို တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမျိုးဟိန်း၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ခေတ္တတပ်ဖွဲ့စုမှူး ဒုရဲမှူးသောင်းရွှေ၊ ကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ ရဲမှူးစိုးမင်း၊ သတင်းရဲတပ်ဖွဲ့(SB) ဒုရဲမှူး အောင်ဇော်လတ်၊ မှုခင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးစိုင်းသူရဆွေ၊ ဟောင်လိတ်နယ်မြေရဲစခန်းမှ စခန်းမှူး ဒုရဲမှူးအေးထွန်းသိန်း အပါအဝင် တာချီလိတ် ဟိုတယ်/ခရီးမှ ဦးစီးအရာရှိ ဒေါ်နန်းမြအုန်းစိန် နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆေခမ်းရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ စသည့် သက်ဆိုင်ရာ ပူးပေါင်း အဖွဲ့များက ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၁)ရက်နေ့တွင် သွားရောက်ပြီး ချိတ်ပိတ်လိုက်ကြခြင်း ဖြစ်ကြောင်း သိရသည်။

Shwe Bun Aung Hotel အတွင်းနှင့် အပြင်တို့တွင်"တရားမဝင် အထောက်အထားမဲ့ တရုတ်နိုင်ငံသားများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသဖြင့် ဟောင်လိတ်နယ်မြေရဲခစန်း မယ(ပ)၂၁/၂၀၂၅၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အရေးယူဆောင်ရွက်ထားပြီး အမှုစစ်ဆေးစဉ်ကာလအတွင်း ဤဟိုတယ်အား (ယာယီ)ချိတ်ပိတ်ထားသည်"ဟု စာသားပါသော ဗီနိုင်းပိုစတာများကို ချိတ်ဆွဲကာ သော့ခတ်ပြီး ချိတ်ပိတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

"ဟိုတယ်တွေမှာ အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို လက်ခံပြီး ပေးတည်းတာတို့၊ တရားမဝင်လုပ်ငန်း ဥပမာ မူးယစ်ဆေးဝါးနဲ့ လောင်းကစား လုပ်တာတွေဆိုရင် အရေးယူခံရမှာပါ။  ဒီအမှုကို အရေးယူထားဆဲကာလမှာ ယာယီချိတ်ပိတ်ထားတာပါ။"ဟု တာဝန်ရှိသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။