တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုကြောင့် ရေပေးဝေရေးလုပ်ငန်းက ရေပိုက်များ ပြုပြင်ရန်ရှိသည့်အတွက် (၂)ရက်မှ (၃)ရက်အထိ ရေပြတ်တောက်နေမည်ဖြစ်ကြောင်း အသိပေး

တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုကြောင့် ရေပေးဝေရေးလုပ်ငန်းက ရေပိုက်များ ပြုပြင်ရန်ရှိသည့်အတွက် (၂)ရက်မှ (၃)ရက်အထိ ရေပြတ်တောက်နေမည်ဖြစ်ကြောင်း အသိပေး
စက်တင်ဘာ 14, 2024 | ရှမ်းရှေ့

 တာချီလိတ်မြို့တွင်း ရေပေးဝေရောင်းချနေသည့် တာချီလိတ်(ရှမ်းရှေ့)ရေပေးဝေရေးလုပ်ငန်းက တာချီလိတ်မြို့တွင်း ရေကြီးရေလျှံမှုများကြောင့် ရေပိုင်းလိုင်းတလျှောက် လိုအပ်သည့် ပြုပြင်မှုများ လုပ်ဆောင်ရန်အတွက် နောက်ထပ် (၂)ရက်မှ (၃)ရက်ဝန်းကျင်အကြာ ရေလိုင်းများ ပြတ်တောက်နေဦးမည်ဖြစ်ကြောင်း ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့က အသိပေးထားရှိသည်။

လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းရှိ ရေပေးဝေရေးလုပ်ငန်း၏ ရေကျော်ဆည်မှ ရေစုကန်သို့ ဆက်သွယ်ထားသည့်ရေပိုက်လိုင်းတလျှောက် မြေပြိုမှုများရှိသည့်အတွက် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်နေသည့် ရေပိုက်များကို ပြုပြင်ရမည်ဖြစ်ကြောင်း သိရသည်။

ရေပိုက်များ ပြန်လည်ပြုပြင်မှုများကို အချိန်အားဖြင့် (၂)ရက်မှ (၃)ရက်ခန့် ကြာမြင့်နိုင်သည့်အတွက် ရေပိုင်းလိုင်းများအားလုံး ရေပြတ်တောက်နေမည်ဖြစ်သည်။

တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကနေ စက်တင်ဘာလ(၁၂)ရက်နေ့အထိ အဆိုးရွားဆုံး ရေကြီးရေလျှံ ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလ(၁၃)ရက်နေ့ကစပြီး ရေများပြန်ကျသွားသော်လည်း ရေကြီးရေလျှံမှု၏ နောက်ဆက်တွဲဆိုးကျိုးအရ  တာချီလိတ်မြို့ပေါ် အချို့ ရပ်ကွက် နှင့် ကျေးရွာများတွင် လျှပ်စစ်မီးပြတ်တောက်နေပြီး   တာချီလိတ်တစ်မြို့လုံး ရေ ပြတ်တောက်နေလျှက်ရှိသည်။