ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ မီတာခကောက်ခံမှုမှာ ကောက်ခံချင်သလို ကောက်ခံနေသည့်အပြင် မီတာခပေးဆောင်ပြီး ဖြစ်သော်လည်း ထပ်ဆောင်း ကောက်ခံနေသည့် လုပ်ရပ်များ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့အထိ ဖြစ်ပေါ်နေခြင်း ဖြစ်သော်လည်း သက်ဆိုင်ရာ ပြည်နယ်/ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ တာဝန်ရှိသူများက ဒေသခံများကို ချပြရှင်းလင်းခြင်းမရှိဘဲ ခေါင်းရှောင်နေ၍ ဒေသအတွင်း ဝေဖန်ခံနေရကြောင်း သိရသည်။
"မီတာဘေ စာရွက် လာပို့ချိန် စာရွက်ထိပ်မှာ ၁၁/၁၂လပိုင်းအတွက် ကြွေးကျန်ရှိတယ် ဆိုတဲ့ မှတ်ချက်ကြောင့် ဒီလအတွက် မီတာခဆောင်ချိန်မှာ အရင် ၁၀/၁၁/၁၂ ဆောင်ထားပြီးသား ဖြတ်ပိုင်းတွေ ယူသွားပါလျက်၊ ဖြတ်ပိုင်းတိုင်းမှာ လစဉ်ဆောင်ထားတဲ့ ပြေစာတွေ ပါနေပါလျက်၊ မီတာခ ကောက်တဲ့ နေရာကရော ရုံးအတွင်းပိုင်းက စာရေးမတွေ တာဝန်ခံတွေကပါ အတင်းဖြဲရဲ ငြင်းနေပြီး ကြွေးကျန်(၂)လရှိတယ်။ ၁၂/၁လပိုင်း ဖြတ်ပိုင်းရှာယူခဲ့ ဆောင်ပေးရမည်ချည်း ပြောလွှတ်နေတော့ ကျိုင်းတုံ မီတာရုံးမှာ စာမတတ်၊ ပေမတတ် စာရင်းဇယား မနိုင်သူတွေကို တာဝန်ပေးခန့်ထားတာလား၊ သို့မဟုတ် ပြည်သူအပေါ် အနိုင်ကျင့် လူပါးဝဖို့ ဆောင်ရွက်နေတာလား၊ EPC မှာ တာဝန်ခံမဲ့သူ မရှိတော့ဘူးလား"ဟု ကျိုင်းတုံ လျှပ်စစ်ဌာန၏ မီတာခ လိမ်လည်ကောက်ခံမှုကို ခံရသူ ဒေသခံတစ်ဦးက လူမှုကွန်ရက်တွင် ဖေဖော်ဝါရီလ(၂၄)ရက်နေ့က ရေးသားပြောဆိုထားသည်ကို တွေ့ရသည်။
ကျိုင်းတုံမြို့ပေါ် နှင့် ကျေးရွာများတွင် လျှပ်စစ်မီးအသုံးပြုသူ ပြည်သူများနှင့် လျှပ်စစ်ရုံးမှ မီတာဖတ်သူများ၊ မီတာစာရွက်ပေးသူများ နှင့် ရုံးဝန်ထမ်းတို့ အဆင်ပြေမှုများရှိနေသည်ကို အထက်အရာရှိများ အနေဖြင့် မြေပြင်အခြေအနေမှန်ကို သိရန် ကွင်းဆင်းလေ့လာသင့်ကြောင်း၎င်းက အကြံပြုပြောဆိုထားသည်။
"မီတာခ ဆောင်တဲ့ နေရာကို တာဝန်ရှိတဲ့ လူကြီးမင်းများ ဆင်းလေ့လာကြည့်ပါဦး၊ ဆောင်ပြီးသားတွေကို အတင်းအဓမ္မ ကြွေးကျန်လုပ်ပြီး ထပ်ခါ ထပ်ခါ ဆောင်ခိုင်းနေလို့ ဆူညံပွက်လော ရိုက်နေတာတွေရော သိပါသလား။"ဟု ၎င်းက ဆက်လက်ပြောထားသည်။
ကျိုင်းတုံမြို့တွင် လျှပ်စစ်မီတာခများနှင့် ပတ်သက်ပြီး လဟောင်းက အသုံးပြုခများ ပေးဆောင်ထားပြီး ဖြစ်သော်လည်း မပေးဆောင်ရသေးဟု ပြောဆိုကာ မီတာခ အတင်းအဓမ္မကောက်ခံနေမှုများမှာ ယနေ့အချိန်အထိ ရှိနေဆဲဖြစ်၍ အချို့မှာ မီတာခပေးဆောင်ပြီးသား စာရွက်များကို ယူဆောင်သွားပြီး ဖြေရှင်းကြရသည်မှာ အများအပြား ဖြစ်နေကြောင်း သိရသည်။
"မီတာဆောင်ရင် သူတို့ရေးပေးလိုက်တဲ့ ငွေရပြေစာတွေကို သိမ်းထားဖို့ လိုတယ်။ ကျွန်တော့်ကိုတောင် အကြွေးကျန်တယ်ဆိုပြီး ပြောလာလို့ ငွေလက်ခံပြေစာယူသွားပြီး မနည်းပြောဆို ရှင်းပြရတယ်။ သူတို့က အားလုံးပေးဆောင်ပြီးပြီဆိုလည်း ရရင် ရသလို ကြွေးကျန်ဆိုပြီး ရေးပြီးတော့ လုပ်စားကြတယ်။ ငွေလက်ခံ စာရွက်ကို မဖြစ်မနေ သိမ်းထားဖို့လိုတယ်။ ကျိုင်းတုံလျှပ်စစ်က လူတွေ အရမ်းလူပါးဝနေတာကြာပြီဗျ"ဟု ဒေသခံ ကိုစိုင်းထွန်းအေးက ပြောသည်။
ကျိုင်းတုံလျှပ်စစ်ရုံးက မီတာခပေးဆောင်ပြီးသူများကို ကြွေးကျန်ဟု ရေးသားကာ ထပ်တိုးကောက်ခံသလို မီတာအသုံးပြုမှု အရေအတွက်ကိုလည်း စာရေးမများက ဖျက်ပြီး ပြုပြင်ကာ နံပါတ်များ တိုးရေးထားသည့် ဖြစ်စဉ်များလည်းရှိနေသည်ဟု သိရသည်။
"ဒီကိစ္စက ဖြစ်နေတာ အတော်ကြာပြီဗျ။ သူတို့က အရှက်မရှိ ရန်ပြန်တွေ့တယ်။ ဘယ်ကို တိုင်တိုင် ဂရုမစိုက်ဘူးဆိုတဲ့ အထှာမျိုး လုပ်နေတာ။ အဲ့က စာရေးမတွေ နဲ့ မီတာဖတ်သူတွေ အတော်ရိုင်းကြတယ်။ တာဝန်ခံဆိုသူတွေကလည်း ဘယ်တော့မှ ပြေလည်အောင် မရှင်းပေးသလို အောက်ခြေကလည်း သူတို့ အကြီးအကဲနဲ့ ထိပ်တိုက်ပေးမတွေ့ဘူး။ ကျွန်တော့်အထင် အောက်ခြေနဲ့ အထက်လူကြီးတွေ ပေါင်းစားနေကြသလားပဲဗျာ"ဟု ၎င်းက ဆက်လက်ပြောပြသည်။
ကျိုင်းတုံလျှပ်စစ်ဌာနနှင့် လျှပ်စစ်မီးအသုံးပြုသူ ပြည်သူများအကြား အဆင်ပြေမှုများရှိနေပြီး အငြင်းအခုံမှုများ ပြုလုပ်နေရသည်က များပြားသည်ဟု သိရသည်။
"အတွေ့အကြုံတော်တော်လေးရနေပါပြီရှင်၊ ကျွန်မတို့လို ခပ်စွာစွာသမားတွေတောင် ခံရတာ။ မစွာတတ်တဲ့ သူတွေဆို ပိုခံရတယ်။ စကားလည်းမများချင်တာနဲ့ သူတို့လုပ်သမျှ ခံနေရသူတွေလည်း မနည်းဘူး။ ကျွန်မတို့ ကျိုင်းတုံမှာက ဘာအသံမှ မထွက်တာကို အေးဆေးနေတယ်လို့ ထင်နေကြတာ။ တကယ်က ဌာနတိုင်းလိုလိုက ဒေသခံတွေအပေါ် လည်သလို လုပ်စားနေကြတာ။ ဒါတောင် ကျိုင်းတုံဆိုတာက စစ်တိုင်းဌာနချုပ်ရှိရာဒေသနော်။ ဒီလိုဒေသတောင် လက်နက်မရှိတဲ့ လျှပ်စစ်လိုဌာနက ဒေသခံတွေအပေါ် လူပါးဝနေတာ။ တခြားဌာနတွေဆိုရင် စဉ်းစားကြည့်ပါတော့ရှင်။ အဓိက ပြောချင်တာကတော့ အရင်က ဆောင်ထားဖူးတဲ့ ဖြတ်ပိုင်းတွေ ပြေစာတွေကို မလွှင့်ပစ်ဘဲ သိမ်းထားကြဖို့နဲ့ မီတာခ သွားဆောင်တိုင်း အစာရွက်အဟောင်းတွေကို ယူသွားကြဖို့ပဲ ပြောချင်ပါတယ်"ဟု ကုန်စုံဆိုင်ရောင်းချသူ မနွယ်နီက ပြောပြသည်။
ကျိုင်းတုံမြို့နယ်အတွင်း လျှပ်စစ်အသုံးပြုသည့် ဒေသခံ ပြည်သူများအပေါ် ခေါင်းပုံဖြတ် မတရားလုပ်ဆောင်နေမှုများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူး နှင့် ပြည်နယ်/ခရိုင်အဆင့် အုပ်ချုပ်ရေးပိုင်းကလည်း ကြပ်မတ်သင့်သည့်ဟု မြို့မိမြို့ဖတစ်ဦးက အကြံပြုသည်။
"ကျွန်တော်တို့ ကျိုင်းတုံမှာ ဒီကိစ္စကလည်း လူအပြောများနေတယ်။ ပြည်နယ်လျှပ်စစ်က အကြီးအကဲတွေကလည်း မသိချင်ယောင်ဆောင်နေသလိုပဲ။ နောက်ပြီး ဒေသအတွင်း လျှပ်စစ်မီးကိစ္စမှာ ခရိုင်အုပ်ချုပ်ရေးမှူးကလည်း လိုအပ်တာ ကြပ်မတ်ဖို့ တာဝန်ရှိတာပေါ့။ အရင်ကဆိုရင် ဒေသအတွက် ခရိုင်အုပ်ချုပ်ရေးမှူးတို့နဲ့ ကျွန်တော်တို့ လက်တွဲအလုပ် လုပ်ဖြစ်ကြတယ်။ အခုက ခေတ်ကာလအခြေအနေအရ အရင်လိုမဟုတ်တော့ ကျွန်တော်တို့လည်း မပြောချင်တော့ဘူး။ ဒီတိုင်းပဲ ငြိမ်နေလိုက်တယ်။ တကယ်ဖြစ်သင့်တာကတော့ လျှပ်စစ်က တာဝန်ရှိသူတွေရော ပြည်နယ်/ခရိုင် အုပ်ချုပ်ရေးပိုင်းက လူတွေရောအနေနဲ့ လျှပ်စစ်မီးအသုံးပြုသူတွေကို အဆင်ပြေအောင် ဘယ်လို လုပ်ပေးရမလဲဆိုတာတွေ။ အခုလို ဖြစ်နေတာက ဘာကြောင့်လဲဆိုတာတွေကို အဖြေရှာရမှာ။ ပြည်သူကို ရှင်းပြရမှာ။ သူတို့ဌာနက မှားနေတာရှိရင် ပြင်ရမှာပေါ့။ အခုက အဲ့လိုမဟုတ်ဘဲ ဝေစားမျှစား မှိန်းနေတာမျိုးလို့ တော်တော်များများက မြင်နေတော့ ဌာနသိက္ခာကျစေတာပေါ့ဗျာ။ ဒါကို သူတို့ ထည့်စဉ်းစားသင့်တယ် မဟုတ်လား "ဟု အမည်မဖော်လိုသည့် မြို့မိမြို့ဖ တစ်ဦးက Tachileik News Agency သို့ ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် ပြောသည်။
ကျိုင်းတုံမြို့တွင် နိုင်ငံတော်ဓါတ်အားစနစ်၏ လျှပ်စစ်ဓါတ်အားကို NLD အစိုးရလက်ထက်ဖြစ်သည့် ၂၀၂၀ခုနှစ် ဩဂုတ်လ(၈)ရက်နေ့က စတင်ပြီး အသုံးပြုလာရာ ခု ၂၀၂၅ခုနှစ်ဆိုလျှင် (၅)နှစ်ဝန်းကျင်သို့ ရောက်ရှိနေပြီ ဖြစ်သည်။