အမေရိကန်လေကြောင်းလိုင်း (American Airlines) ခရီးသည်တင် ဂျက်လေယာဥ်တစ်စီးနှင့် အမေရိကန်စစ်တပ် Black Hawk ရဟတ်ယာဥ်တစ်စီးတို့ တိုက်မိပြီး Reagan Washington National လေဆိပ်အနီး Potomac မြစ်ထဲသို့ ပျက်ကျခဲ့မှုကြောင့် လူအများအပြား သေဆုံးနိုင်ကြောင်း အစိုးရတာဝန်ရှိသူများက ပြောသည်။
၂၀၂၅ ခုနှစ် ဒေသစံတော်ချိန် ဇန်နဝါရီလ (၂၉) ရက် ညပိုင်းက ဖြစ်ပွားခဲ့သော ထိုဖြစ်ရပ်အတွင်း သေဆုံးသူ အရေအတွက်ကို အစိုးရတာဝန်ရှိသူများက ထုတ်ဖော်ပြောခြင်း မရှိခဲ့ဟု ဆိုသည်။
သို့သော် ကန်းဆက်ပြည်နယ်၏ အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် Roger Marshall က လေယာဥ်ပေါ်တွင် လိုက်ပါလာသူအားလုံး သေဆုံးနိုင်ကြောင်း ပြောခဲ့သည်။
ခရီးသည်တင်လေယာဥ်မှာ ကန်းဆက်ပြည်နယ်ကနေ ထွက်ခွာလာခြင်းလည်း ဖြစ်သည်။
Reagan Washington လေဆိပ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲအတွင်း ကန်းဆက်ပြည်နယ်မှ လူ (၆၀) ကျော် သေဆုံးနိုင်ကြောင်း ဆီးနိတ်လွှတ်တော်အမတ် Rorger Marshall က ဆိုသည်။
ထိုသတင်းစာရှင်းလင်းပွဲ၌ပင် Metropolitan Washington Airports Authority ၏ ဥက္ကဌနှင့် စီအီးအို Jack Potter က ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ပြောခဲ့သည်။
CBS News သတင်းဌာနက ရဲအရာရှိတစ်ဦးကို ကိုးကားဖော်ပြမှုအရ အနည်းဆုံး အလောင်း (၁၈) လောင်းကို ပြန်ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။
Black Hawk စစ်ရဟတ်ယာဥ်နှင့် တိုက်မိပြီး ပျက်ကျခဲသည့် လေယာဥ်ပေါ်တွင် ခရီးသည် (၆၀) ဦးနှင့် လေယာဥ်အမှုထမ်း (၄) ဦး လိုက်ပါသွားကြောင်း အမေရိကန်လေကြောင်းလိုင်းက အတည်ပြုထားသည်။
လေ့ကျင့်ပျံသန်းနေသည့် Black Hawk စစ်ရဟတ်ယာဥ်ပေါ်တွင် စစ်သား (၃) ဦး လိုက်ပါလာခဲ့ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ခရီးသည်တင် ဂျက်လေယာဥ်က ကန်းဆက်ပြည်နယ် Wichita မြို့မှ ထွက်ခွာလာပြီး Reagan Washington လေဆိပ်သို့ ဆင်းသက်ရန် ချဥ်းကပ်လာစဥ် စစ်ရဟတ်ယာဥ်နှင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။
လေကြောင်းထိန်းချုပ်ရေးမျှော်စင်နှင့် Black Hawk ရဟတ်ယာဥ်တို့ကြား ရေဒီယိုဆက်သွယ်မှုများအရ လေယာဥ်က အနီးအနားတွင် ရှိနေသည်ကို သတိပြုမိခဲ့ကြကြောင်း သိရသည်။
ပင်တဂွန်စစ်ဌာချုပ်က ယခုဖြစ်ရပ်ကို ချက်ချင်း စုံစမ်းစစ်ဆေးနေပြီး သမ္မတဒေါ်နယ်ထရမ့်ကမူ ရဟတ်ယာဥ်ပေါ်တွင် လိုက်ပါလာသူများနှင့် လေကြောင်းထိန်းချုပ်ရေး တာဝန်ရှိသူများကို အပြစ်ဖို့ထားသည့် ပို့စ်တစ်ခု ၎င်း၏ Truth ဆိုရှယ်မီဒီယာတွင် တင်ခဲ့သည်။
"ရဟတ်ယာဥ်က လေယာဥ်နဲ့ တည့်တည့်ကြီး အချိန်အတော်ကြာ ရှိနေခဲ့တယ်။ ညဘက် မြင်ကွင်းကလည်း ရှင်းလင်းနေတယ်။ လေယာဥ်ကလည်း မီးတွေ ဖွင့်ထားတယ်။ ဒါဆို ရဟတ်ယာဥ်က ဘာလို့ အပေါ်တက်တာ ဒါမှမဟုတ် အောက်ဘက်နိမ့်ဆင်းတာ၊ ဒါမှတ်မဟုတ်လည်း ပြန်လှည့်မသွားတာလဲ" ဟု ထရမ့်က ရေးသားထားသည်။
Source: Reuters