မဲဆောက်ရောက်နေသည့် တရုတ်ဒုဝန်ကြီးနှင့်အဖွဲ့ ကျားဖြန့်နာမည်ကျော် ရွှေကုက္ကိုလ်မြိုင်ကို မဲဆောက်ဘက်ကမ်းကနေ လှမ်းကြည့်

မဲဆောက်ရောက်နေသည့် တရုတ်ဒုဝန်ကြီးနှင့်အဖွဲ့ ကျားဖြန့်နာမည်ကျော် ရွှေကုက္ကိုလ်မြိုင်ကို မဲဆောက်ဘက်ကမ်းကနေ လှမ်းကြည့်
ဇန်နဝါရီ 29, 2025 | နိုင်ငံတကာသတင်း

 ထိုင်းနိုင်ငံတွင် ရောက်နေသည့် တရုတ်ပြည်သူ့လုံခြုံရေး ဒုဝန်ကြီးသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၉)ရက်နေ့တွင် မဲဆောက်သို့ ရောက်ရှိလာပြီး မဲဆောက်ဘက်ခြမ်းမှနေ၍ တစ်ဖက်ကမ်းရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများကြောင့် နာမည်ကျော်နေသည့် ရွှေကုက္ကိုလ်မြိုင်ကို လှမ်းကြည့်ရှုကြောင်း သိရသည်။

 The Reporters



မြန်မာ - ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီဘက်တွင် တရုတ်ကုမ္ပဏီဖြစ်သည့် ရထိုက်နိုင်ငံတကာဦးပိုင်အုပ်စု (Yatai International Holdings Group) နှင့်  စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)၏ ဗိုလ်မှူးကြီး စောချစ်သူပိုင် ချစ်လင်းမြိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်နေကြသည့် ရွှေကုက္ကိုလ်မြိုင်ရှိ ကျားဖြန့်များတွင် တရုတ်နိုင်ငံသားများ လူကုန်ကူးခံနေရမှုအရေးအတွက် တရုတ်ဒုဝန်ကြီးက ထိုင်းနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။

ရွှေကုက္ကိုလ်မြိုင်စီမံကိန်းမှာ နှစ် (၉၀) လုပ်ကိုင်ခွင့်ရထားသည့် စီမံကိန်းတစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုကြီးထွားလာကာ အွန်လိုင်းအသုံးပြုငွေကြေးလိမ်လည်သည့်လုပ်ငန်းများဖြင့် ပိုမိုနာမည်ကြီးလာခြင်းဖြစ်သည်။

တရုတ်နိုင်ငံသားများကို လူကုန်ကူးမှု အပါအဝင် ငွေကြေးလိမ်လည်မှု ပြုလုပ်ခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် ကျားဖြန့်များကို ပြီးခဲ့သည့်နှစ်အတွင်း ဖြိုခွင်းကာ ကျူးလွန်သူများကို တရုတ်အစိုးရက ဖမ်းဆီးထားပြီးဖြစ်သည်။

တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)များသည် မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများတွင် အခြေချကာ ငွေကြေးလိမ်လည်မှုနှင့် အဆိုပါအလုပ်များ စေခိုင်းရန် လူကုန်ကူးမှုများကို ကျူးလွန်နေကြခြင်းဖြစ်သည်။