မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး MS. Ma Jia သည် နေပြည်တော်တွင် ငလျင်ဘေးသင့်သည့် အခြေများကို (၃)ရက်ကြာ သွားရောက် ကြည့်ရှုကြောင်း သိရသည်။
သံအမတ်ကြီးသည် တရုတ်ငလျင်ဘေးကယ်ဆယ်ရေးအဖွဲ့များက ငလျင်ဘေး ရှာဖွေ၊ ကယ်ဆယ်၊ ကုသရေးလုပ်ပေးနေသည့် နေပြည်တော်သို့ ၂၀၂၅ ခုနှစ် ဧပြီလ (၁)ရက်နေ့မှ (၃)ရက်နေ့အထိ သွားရောက်ကာ စစ်ကောင်စီဝန်ကြီးဌာနများ၊ တရုတ်လုပ်ငန်းကုမ္ပဏီများ၊ တရုတ်ကယ်ဆယ်ရေးအဖွဲ့များနှင့် တွေ့ဆုံသည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ထောက်ပံ့ပစ္စည်းများ ဖြန့်ဝေမှုအခြေနေများကို ကြည့်ရှုလေ့လာကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
သံအမတ်ကြီးသည် စစ်ကောင်စီ၏ ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးတို့နှင့် တွေ့ဆုံကာ ငလျင်ဘေးသင့်အခြေအနေ၊ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆွေးနွေးကာ တရုတ်ကုမ္ပဏီများကို ငလျင်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတွင် ဆက်လက်ပါဝင်ရန် တိုက်တွန်းခဲ့သည်ဟု သိရသည်။
တရုတ်နိုင်ငံသည် ငလျင်ဖြစ်ပြီး (၁၈)နာရီအကြာတွင် မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးအဖွဲ့များ အရောက်ပို့ခဲ့ပြီး လက်ရှိအချိန်ထိ မြန်မာ့ငလျင်ကယ်ဆယ်ရေးအတွက် နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးအဖွဲ့ (၄)ဖွဲ့၊ အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့ (၁၅)ဖွဲ့ စုစုပေါင်း လူအင်အား (၅၀၀)နီးပါး စေလွှတ်ထားကြောင်း သိရသည်။
ယင်းအပြင် ငလျင်ဘေးကယ်ဆယ်ရေးအတွက် ရန်ပုံငွေ၊ ကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်းများကို စစ်ကောင်စီထံ တောက်လျှောက်ပို့နေခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်းများကို လေကြောင်းလိုင်းအပြင် ကုန်းလမ်းမှပါ ပို့ဆောင်နိုင်ရန် တရုတ်ကုမ္ပဏီများက ကူညီပေးနေခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်ကြက်ခြေနီအသင်းက နယ်စပ်လမ်းကြောင်းမှ ပို့လိုက်သည့် ကယ်ဆယ်ရေးပစ္စည်းများသယ်လာသည့် ကြက်ခြေနီယာဉ်တန်းကို စစ်ကောင်စီတပ်က ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ် အုမ္မတီးရွာတွင် ဧပြီလ (၁)ရက်နေ့ ည (၉)နာရီ (၁၂)မိနစ်၌ စစ်ကောင်စီတပ်က ပစ်ခတ်ဟန့်တားမှုဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီက ဝန်ခံထားခဲ့ပြီး တရုတ်နိုင်ငံက အဆိုပါကိစ္စကို နှုတ်ဆိတ်ကာ အကူအညီများ ဆက်လက်ပေးပို့ခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးသည် ငလျင်လှုပ်ပြီးသည်နှင့် ပထမဦးဆုံး တရုတ်နိုင်ငံသားများနှင့် ကုမ္ပဏီများ ဘေးအန္တရာယ်ထိခိုက်မှုအခြေအနေကို အမြန်ဆုံးစုံစမ်းစစ်ဆေးခဲ့ကာ ကောင်စစ်ဆိုင်ရာ အကူအညီများပေးအပ်ခဲ့ပြီး တရုတ်ကယ်ဆယ်ရေးအဖွဲ့များ၊ ကယ်ဆယ်ရေးပစ္စည်းများ မြန်မာသို့ အမြန်ဆုံးပို့ဆောင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသအများအပြားတွင် ပြင်းထန်စွာထိခိုက်ပျက်စီးခဲ့ရသည့် မတ်လ (၂၈)ရက်နေ့ ငလျင်လှုပ်ခတ်အပြီးတွင် စစ်ကောင်စီက အရေးပေါ်ဒေသများအဖြစ် ကြေညာကာ နိုင်ငံတကာ အကူအညီများ တောင်းခံခဲ့ပြီးနောက် တရုတ်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များ ပထမဆုံးရောက်လာပြီးနောက် ရုရှားကယ်ဆယ်ရေးအဖွဲ့များ ရောက်လာခဲ့ကြခြင်းဖြစ်သည်။
အဆိုပါကယ်ဆယ်ရေးအဖွဲ့များသည် ငလျင်ဒဏ်ပြင်းထန်စွာခံစားရသည့် နေပြည်တော်နှင့် မန္တလေးမှ Sky Villa တို့တွင် အဆောတလျင် အကူအညီများပေးခဲ့ကြပြီး ထပ်တိုးရောက်လာသည့် တရုတ်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များမှ အချို့သည် စစ်ကိုင်းကိုလည်း ကူညီနေကြောင်း သိရသည်။