သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက ကမ္ဘာတဝန်းရှိ နိုင်ငံများသို့ ပေးအပ်နေသည့် အမေရိကန်၏ ထောက်ပံ့ကူညီမှုများ အားလုံးနီးပါးကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် လူပေါင်း သန်းနှင့်ချီကာ မရှိမဖြစ် လိုအပ်သော ဆေးဝါးများ မရရှိတော့သည့် အခြေအနေ ကြုံလာရနိုင်ကြောင်း Reuters သတင်းဌာနက ကြည့်ရှုခွင့်ရခဲ့သည့် ညွှန်ကြားချက် မှတ်တမ်းတစ်ခုက ဖော်ပြသည်။
ထိုမှတ်တမ်းအရ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) က ကမ္ဘာတဝန်းရှိ နိုင်ငံများကို HIV ၊ ငှက်ဖျားနှင့် တီဘီရောဂါများအတွက် အသက်ကယ် ဆေးဝါးများအပြင် မွေးကင်းစ ကလေးငယ်များအတွက် ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ ထောက်ပံ့ကူညီပေးနေမှုကို ရပ်ဆိုင်းရန် ထရမ့်အစိုးရက လုပ်ဆောင်နေကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၈) ရက်နေ့တွင် USAID နှင့် ချိတ်ဆက်လုပ်ကိုင်နေသော ကန်ထရိုက်တာများနှင့် မိတ်ဖက်များထံ လုပ်ငန်းများ ချက်ချင်းရပ်တန့် ညွှန်ကြားချက်များ စတင် လက်ခံရရှိနေပြီဟု သတင်းရင်းမြစ်များက ပြောသည်။
ယခု လုပ်ဆောင်မှုမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၀) ရက်နေ့တွင် ထရမ့် ဒုတိယအကြိမ် သမ္မတဖြစ်လာခဲ့ပြီးနောက် အကူအညီပေးရေး အစီအစဥ်များကို ပြန်လည်သုံးသပ်နေစဥ် အမေရိကန်အကူအညီနှင့် ငွေကြေးထောက်ပံ့နေမှုများကို ပို၍ ကျယ်ကျယ်ပြန့်ပြန့် ရပ်ဆိုင်းထားခြင်း၏ အစိတ်အပိုင်းလည်း ဖြစ်သည်။
ထိုသို့သော ညွှန်ကြားချက် မှတ်တမ်းတစ်ခုကို ကမ္ဘာတဝန်း ရောဂါအမျိုးမျိုးအတွက် ဆေးဝါးများ ထောက်ပံ့ပေးနေသည့် USAID နှင့် ချိတ်ဆက်လုပ်ကိုင်နေသော Chemonics ကုမ္ပဏီသို့ ပေးပို့ခဲ့ကြောင်း သိရသည်။
Chemonics သို့ ပေးပို့သည့် ညွှန်ကြားချက်အရ ကုမ္ပဏီ၏ HIV ၊ ငှက်ဖျား၊ တီဘီရောဂါများနှင့် ကိုယ်ဝန်တားဆေးများ၊ မိခင်နှင့်ကလေး ကျန်းမာရေးဆိုင်ရာ ပစ္စည်းများနှင့် ပတ်သက်သော လုပ်ငန်းများ ပါဝင်ကြောင်း USAID မှ သတင်းရင်းမြစ်တစ်ဦးနှင့် USAID ၏ အရာရှိဟောင်းတစ်ဦးတို့က Reuters သတင်းဌာနကို ပြောခဲ့သည်။
"ဒါက ကပ်ဆိုက်တာပဲ။ လှူဒါန်းထားတဲ့ ဆေးဝါးတွေက HIV ရှိသူ သန်း (၂၀) ကို အသက်ရှင်နေစေခဲ့တယ်။ အဲဒါက ဒီနေ့မှာ ရပ်တန့်သွားပါပြီ" ဟု ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း နုတ်ထွက်ခဲ့သည့် USAID ၏ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဌာန အကြီးအကဲဟောင်း Atul Gawande က ပြောသည်။
Chemonics နှင့် USAID ကို မှတ်ချက်ပေးရန် Reuters က ဆက်သွယ်ခဲ့သော်လည်း ချက်ချင်း မတုံ့ပြန်းသေးကြောင်း သိရသည်။
ရောဂါကုသမှုများ ရပ်တန့်သွားခြင်းက လူနာများ နာမကျန်း ဖြစ်လာနိုင်ခြေကို မြင့်တက်စေပြီး အထူးသဖြင့် HIV အတွက်ဆိုပါက အခြားသူများထံ ဗိုင်းရပ်စ် ကူးစက်သွားနိုင်ခြေရှိကြောင်း Gawande က ပြောကြားခဲ့သည်။
ထို့အပြင် ဆေးယဉ်ပါးသော ရောဂါပိုးများ ပေါ်ပေါက်လာနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။
Gawande ၏ အဆိုအရ USAID နှင့် ချိတ်ဆက်လုပ်ကိုင်နေသော အခြား မိတ်ဖက်များမှာ ၎င်းတို့ထံတွင် ဆေးဝါးများ အသင့်ရှိနေသော်လည်း ဆေးခန်းများသို့ ပို့ဆောင်နိုင်မည် မဟုတ်ကြောင်း သို့မဟုတ် အမေရိကန်က ငွေကြေးထောက်ပံ့ထားသော ဆေးခန်းများကို ဖွင့်လှစ်နိုင်မည် မဟုတ်ကြောင်း အသိပေး ညွှန်ကြားချက်များ လက်ခံရရှိခဲ့ကြောင်း သိရသည်။
အကူအညီပေးမှုများ ရပ်ဆိုင်းထားရန် ညွှန်ကြားချက် လက်ခံရရှိသည့် အဖွဲ့အစည်းများတွင် နိုင်ငံ (၂၃) ခုရှိ HIV ကူးစက်ခံထားရသည့် မိဘမဲ့ပြီး ထိခိုက်လွယ်သော ကလေး (၆.၅) သန်းအတွက် ကူညီထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းများလည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။
ထရမ့်က အမေရိကန်နိုင်ငံခြားရေး မူဝါဒနှင့် ကိုက်ညီမှုနှင့် ထိရောက်မှုများကို အကဲဖြတ်နေစဥ် ပြည်ပဖွံ့ဖြိုးရေး အကူအညီများကို ရက် (၉၀) ကြာ ရပ်ဆိုင်းထားရန် ညွှန်ကြားထားသည်။
ထရမ့်အစိုးရက USAID ၏ အကြီးတန်း အရာရှိ (၆၀) ခန့်ကိုလည်း ရာထူးကနေ ရပ်စဲခဲ့ကြောင်း ထိုကိစ္စကို သိရှိထားသည့် သတင်းရင်းမြစ်များက Reuters ကို ပြောသည်။
ထရမ့်အစိုးရ၏ လုပ်ဆောင်မှုက ကမ္ဘာ့အကြီးဆုံး တစ်ဦးတည်း အလှူရှင်တစ်ဦးထံမှ ဒေါ်လာဘီလီယံနှင့်ချီ တန်ဖိုးရှိသော အသက်ကယ်ဆေးဝါးများကို ခြိမ်းခြောက်သည့် အခြေအနေ ဖြစ်နေသည်။
၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် အမေရိကန်က ကူညီထောက်ပံ့ငွေ ဒေါ်လာ (၇၂) ဘီလီယံကို ထုတ်ပေးခဲ့သည်။
၂၀၂၄ ခုနှစ်တွင် ကုလသမဂ္ဂ အစီအစဥ်ဖြင့် ကမ္ဘာတဝန်း ပေးအပ်ခဲ့သော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ အားလုံး၏ (၄၂) ရာခိုင်နှုန်းကို အမေရိကန်က ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ထရမ့်အစိုးရက ကမ္ဘာတဝန်း နိုင်ငံများသို့ ပေးအပ်နေသည့် အကူအညီများ ရပ်ဆိုင်းလိုက်ခြင်းကြောင့် ဒုက္ခသည်စခန်း (၉) ခုတွင် မြန်မာနိုင်ငံမှ ဒုက္ခသည် (၁၀၀,၀၀၀) ခန့်ကို လက်ခံထားရှိသည့် ထိုင်းနိုင်ငံတွင်လည်း ဆိုးကျိုးသက်ရောက်မှုများ ရှိနေသည်။
ထရမ့်က အကူအညီပေးမှု ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပြီးနောက် အရပ်ဘက်အဖွဲ့အစည်းများမှာ ဒုက္ခသည်စခန်းများတွင် လုပ်ငန်းဆောင်ရွက်ရာ၌ အခက်အခဲများ ကြုံနေရကြောင်း သိရသည်။
အမေရိကန်က ငွေကြေးထောက်ပံ့မှု တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းလိုက်ခြင်းကြောင့် မြန်မာဒုက္ခသည်များ နေထိုင်ကြရာ ဒုက္ခသည်စခန်းတစ်ခုရှိ ဒုက္ခသည် ဆေးရုံတစ်ရုံတွင် ဝန်ထမ်းများ လျှော့ချခဲ့ရပြီး ဝန်ထမ်း မလုံလောက်မှုကြောင့် လူနာအချို့မှာ ဆေးရုံဆင်းခဲ့ကြရသည်။
ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီး Somsak Tehpsutin ကမူ ထိုင်းအစိုးရ အနေဖြင့် ဒုက္ခသည်များအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ပေးရန် နည်းလမ်းရှာမည်ဟု ဆိုသည်။
"သူတို့က ဒီစခန်းတွေမှာ အချိန်ကာလရှည်ကြာ နေထိုင်လာခဲ့ကြတာဆိုတော့ ကျွန်တော်တို့ အနေနဲ့ သူတို့ကို ပစ်ထားလို့ မရသလို မောင်းထုတ်လို့လည်း မရပါဘူး" ဟု Somsak က ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၈) ရက်နေ့တွင် ပြောခဲ့သည်။
Source: Reuters, Bangkok Post