ထိုင်းဘက်ကနေ မြဝတီသို့ ပေးနေသည့် လျှပ်စစ်မီး နှင့် အင်တာနက်ဆက်သွယ်ရေး လိုင်းများကို ဖြတ်တောက်လိုက်ပါက ကျားဖြန့်ဂိုဏ်း နှိမ်နင်းရေးအတွက် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြောကြား

ထိုင်းဘက်ကနေ မြဝတီသို့ ပေးနေသည့် လျှပ်စစ်မီး နှင့် အင်တာနက်ဆက်သွယ်ရေး လိုင်းများကို ဖြတ်တောက်လိုက်ပါက ကျားဖြန့်ဂိုဏ်း နှိမ်နင်းရေးအတွက် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြောကြား
ဇန်နဝါရီ 30, 2025 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်း - မြန်မာနယ်စပ်ဒေသ မဲဆောက်တဖက်ကမ်းတွင် နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် မြန်မာနိုင်ငံ မြဝတီမြို့ရှိ ရွှေကုက္ကိုလ်အတွင်းက အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်လုပ်ငန်းများ နှိမ်နင်းရေးအတွက် မြဝတီဘက်သို့ ပေးထားသည့် ထိုင်းလျှပ်စစ်မီး နှင့် ဆက်သွယ်ရေးလိုင်းများကို ဖြတ်တောက်လိုက်မည်ဆိုပါက ကျားဖြန့်နှိမ်နှင်းရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း  သက်ဆင်က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံဘက် ကျားဖြန့်ဂိုဏ်းများသည် အဓိက အားဖြင့် ထိုင်းလျှပ်စစ်ဓါတ်အားကို ရယူအသုံးပြုနေသလို ထိုင်းအင်တာနက်လိုင်းများနှင့် ထိုင်းဖုန်း Sim ကတ်များကို အသုံးပြုနေသည်မှာ အဓိက ပြဿနာဖြစ်နေကြောင်း မှတ်ချက်ပြု ပြောကြားသည်။

 

ကျားဖြန့် ဂိုဏ်းများကို SIM ကတ် အများအပြား ရောင်းချနေသော ထိုင်းဆက်သွယ်ရေး ကုမ္ပဏီများကို ပိုမိုတင်းကျပ်စွာ စီမံခန့်ခွဲရန် လိုအပ်ကြောင်း နှင့် ယခုပြဿနာကို အပြီးသတ် ဖြေရှင်းရေးအတွက် ဆက်သွယ်ရေး ကုမ္ပဏီများအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရေး တောင်းဆိုရန်လည်း လိုအပ်ကြောင်း သက်ဆင်က အလေးထား ပြောခဲ့သည်။

မြန်မာ - ထိုင်း နယ်စပ်ရှိ ထိုင်းအရာရှိအချို့မှာလည်း လုပ်ငန်းတာဝန်များကို လျော့တိလျော့ရဲ လုပ်ကိုင်ဆောင်ရွက်နေပြီး နယ်စပ်ဖြတ်သန်းသူများကို စစ်ဆေးခြင်း မရှိဘဲ ဖြတ်သန်းခွင့် ပြုနေကြောင်းလည်း ထိုင်းဝန်ကြီးချုပ်ဟောင်းက ထောက်ပြသည်။ 

ထိုပြဿနာများကို ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်နေကြောင်းလည်း ၎င်းက ဆိုသည်။

ကျားဖြန့်လုပ်ငန်းအတွက် မရှိမဖြစ် လိုအပ်သည့် လျှပ်စစ်မီးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ မြဝတီဘက်သို့ ပေးနေသည့် လျှပ်စစ်ဓါတ်အားကို ဖြတ်တောက်လိုက်ခြင်းသည် နှိမ်နှင်းရေး လုပ်ငန်းစဉ်အတွက် အထောက်အကူဖြစ်မည်ဖြစ်ပြီး ကျားဖြန့်လုပ်ငန်းများထံ ပေးနေသော လျှပ်စစ်ဓာတ်အားနှင့် ဆက်သွယ်ရေးကွန်ရက်ကို ဖြတ်တောက်ရမည်ဟု မှတ်ချက်ပြုခဲ့သည်။ 

လျှပ်စစ်မီးဖြတ်တောက်ခြင်းနှင့် ပတ်သက်ပြီး ထိုင်း ဒုတိယဝန်ကြီးချုပ် Anutin Charnvirakul က နှစ်ဖက် သဘောတူ စာချုပ်သက်တမ်းရှိနေသေးခြင်းက ထိုသို့လုပ်ဆောင်ရန်အတွက် အတားအဆီးဖြစ်နေသည်ဟု မှတ်ချက်ပြုခဲ့ခြင်းအပေါ် သက်ဆင်က ထိုသို့ လုပ်ရပ်များသည် သဘောတူစာချုပ်ပါ အချက်အလက်များကို ဖောက်ဖျက်သည့်အတွက်  ဖျက်သိမ်းနိုင်ကြောင်း ပြန်လည် ပြောခဲ့သည်။

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Liu Zhongyi က ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၉) ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ မဲဆောက်မြို့သို့ လာရောက်ခဲ့ပြီးနောက် ဇန်နဝါရီလ(၃၀)ရက်နေ့တွင်  သက်ဆင်၏ မှတ်ချက်ပြုမှု ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့ရှိ ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း) နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို ဖြိုခွင်းရန် ထိုင်းနိုင်ငံ ဆိုက်ဘာရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲ ရဲဒုတိယဗိုလ်ချုပ်ကြီး Trirong Phiwphan နှင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Liu Zhongyi တို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့က တွေ့ဆုံစဉ်မှာလည်း  ထိုင်းဘက်ကနေ မြဝတီကို ပေးထားသော လျှပ်စစ်ဓာတ်အား ဖြတ်တောက်ရန်လည်း သဘောတူထားသည်။



 

Source: Thairath, Thai Enquirer

Mr John သည် Tachileik News Agency ၏ နိုင်ငံတကာသတင်း ကဏ္ဍအတွက် ဘာသာပြန် သတင်းတင်ဆက်နေသူ ဖြစ်သည်...