စစ်ကောင်စီနှင့် MNDAA တို့၏ ဆွေးနွေးမှုရလဒ်ကြောင့် ကိုးကန့်ဘက်သို့ လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့်ရဟု UWSA ပြော

စစ်ကောင်စီနှင့် MNDAA တို့၏ ဆွေးနွေးမှုရလဒ်ကြောင့် ကိုးကန့်ဘက်သို့ လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့်ရဟု UWSA ပြော

စစ်ကောင်စီနှင့် MNDAA တို့၏ ဆွေးနွေးမှုရလဒ်ကြောင့် "ဝ"ပြည်မှ ကိုးကန့်ဒေသဘက်ကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့်ပြုရန် တရုတ်ဘက်က အကြောင်းကြားခြင်းဖြစ်သည်ဟု UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး ထံက သိရသည်။

ကိုးကန့် MNDAA တပ်ဖွဲ့နှင့် စစ်ကောင်စီတို့ တရားဝင် အပစ်ရပ်ပြီဟု သတင်းထွက်လာပြီးနောက် "ဝ"ပြည်မှ ကိုးကန့်ဒေသဘက်ကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့်ကို ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၂၀)ရက်နေ့တွင် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

"ဟုတ်ပါတယ် ဒီ​နေ့ပါပဲ။ ခက်ခဲ​နေကြအချိန်မှာ အခုလိုဖွင့်​ပေး​တော့ နှစ်ဖက်​နေပြည်သူများအတွက် ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်ပြီး သက်သာ​စေတာအမှန်ပါပဲ။​ ဆွေး​နွေးမှုရလဒ်လို့ဆိုရမှာပါ။"ဟု ဦးညီရမ်းက Tachileik News Agency ကိုပြောသည်။

UWSA ၏ ထုတ်ပြန်ချက်တွင် ကိုးကန့်ဒေသနှင့် "ဝ"ပြည် ဟိုပန်ကို ဆက်သွယ်ထားသည့် ဖောင်ဆိပ်တံတားပေါ်ရှိ မော်တော်ယာဉ်၊ လူနှင့် ကုန်စည်များ ထိန်းချုပ်ခြင်းအား အပြည့်အဝ လွတ်လပ်ခွင့်ပေးဆောင်ရန် ခွင့်ပြုလိုက်ကြောင်း တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာရုံးမှ အကြောင်းကြားစာ ရရှိခဲ့သည်ဟု ဖော်ပြထားသည်။ 

ထို့ကြောင့် ယနေ့မှစတင်ကာ ကိုးကန့်နယ်မြေအတွင်း ကုန်စည်ဖြတ်သန်းခွင့်ပြုလိုက်ပြီး စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ၊ နေ့စဉ်ထွက်ကုန်နှင့် ထောက်ပံ့ရေးပစ္စည်းများအားလုံးကို ပုံမှန်အတိုင်း ရောင်းဝယ်ဖောက်ကားနိုင်သည်ဟု ဖော်ပြထားသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူးမင်းမြို့၌ ဇန်နဝါရီလ (၁၆)ရက်နေ့ကစတင်ကာ နှစ်ရက်တာ တွေ့ဆုံဆွေးနွေးနေသည့် MNDAA နှင့် စစ်ကောင်စီတို့ကြား ဇန်နဝါရီလ (၁၈)ရက်နေ့တွင် စတင်သက်ဝင်မည့် အပစ်ရပ်သဘောတူ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning က တနင်္လာနေ့တွင် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ 

လက်ရှိတွင် ကိုးကန့်-တရုတ်နယ်စပ်ဂိတ်ဖြစ်သည့် ချင်းရွှေဟော်၊ လောက်ကိုင်အပြင် ဝ - တရုတ် နယ်စပ်ရှိ နမ့်တစ်(မန်ခါး)ဂိတ်တို့ကို ယမန်နေ့က စတင်ဖွင့်ပေးပြီး ဓာတ်ဆီများလည်း ပြန်လည်ဝင်ရောက်နေပြီဟု သိရသည်။ 

တရုတ်အစိုးရဘက်က ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း တရုတ်-မြန်မာ နယ်စပ်ဂိတ်များကို ကုန်စည်တင်သွင်းခွင့် ပိတ်ထားခဲ့ခြင်းဖြစ်သည်။ 

စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့များက တရုတ်-မြန်မာ နယ်စပ်ဂိတ် (၅)ခုဖြစ်သည့် ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ ရန်လုံကျိုင်း၊ မုန်းကိုးနှင့် နမ့်ခမ်းဂိတ်များကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး MNDAA က လားရှိုးမြို့ကို သိမ်းပိုက်ထားခြင်းဖြစ်သည်။ 

MNDAA နှင့် စစ်ကောင်စီတို့ အပစ်ရပ်မှုကြောင့် လားရှိုးမြို့မှ MNDAA တပ်များ ပြန်လည်ဆုတ်ခွာ ပေးရမည်ဆိုသော သတင်းကို Tachileik News Agency ၏ စစ်ရေးသတင်းအရင်းမြစ်က မဟုတ်ဟု ငြင်းဆိုထားသည်။

#TachileikNewsAgency

#TNA_MAT

Photo:ဝ - တရုတ် နယ်စပ်ရှိ နမ့်တစ်(မန်ခါး)ဂိတ် (ပုံဟောင်း)