ဖမ်းဆီးသိမ်းဆည်း ယာဉ်များကို ပြန်အသုံးပြုနိုင်ဖို့ အမှုများ အမြန်ပြီးပြတ်အောင် လုပ်ရန် အာဏာသိမ်းစစ်ခေါင်းဆောင်က အမိန့်ပေး ခိုင်းစေထား

ဖမ်းဆီးသိမ်းဆည်း ယာဉ်များကို ပြန်အသုံးပြုနိုင်ဖို့ အမှုများ အမြန်ပြီးပြတ်အောင် လုပ်ရန် အာဏာသိမ်းစစ်ခေါင်းဆောင်က အမိန့်ပေး ခိုင်းစေထား
ဒီဇင်ဘာ 4, 2021 | အခြားဒေသများ

တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ တရားရုံးများနှင့်ရဲစခန်းများတွင် အမှုမပြီးပြတ်သေးသည့် သိမ်းဆည်း ယာဉ် ကား/ဆိုင်ကယ်များကို ပြန်လည်အသုံးချနိုင်ရေးအတွက် အမှုများကို အမြန်ဆုံးပြီးပြတ်ရန် လုပ်ဆောင်ရေး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမိန့်ပေး ခိုင်းစေထားကြောင်း သိရသည်။

ဒေသအသီးသီးရှိ  တရားရုံးများနှင့် ရဲစခန်းများတွင် ဖမ်းဆီး သိမ်းဆည်းရမိထားသည့် ကားနှင့်ဆိုင်ကယ် အများပြားရှိနေပြီး၊ လိုအပ်သည့်နေရာတွင် ပြန်လည်အသုံးပြုနိုင်ရေးအတွက် အမှုကိစ္စများကို အမြန်ပြီးပြတ်ရေး ဆောင်ရွက်ရန် နှင့် နိုင်ငံပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးများကိုပါ ကြိုတင်တွက်ထားဖို့လိုကြောင်း

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့၏ အစည်းအဝေးတွင် အမိန့်စေခိုင်းလိုက်ခြင်း ဖြစ်သည်။ 

 

ယခု အစည်းအဝေး မတိုင်မီကတည်းက တိုင်းနှင့်ပြည်နယ်များရှိ တိုင်းစစ်ဌာနချုပ်သို့ သိမ်းဆည်းယာဉ်များနှင့်ယာဉ်စာရင်းများကို သက်ဆိုင်ရာ ရဲစခန်းများက ပေးပို့နေရသည်များလည်းရှိနေပြီး ဆက်လက်၍လည်း ပေးပို့နေရဆဲဖြစ်ကြောင်း Tachileik News Agency ၏ သတင်းရင်းမြစ်များထံက သိရသည်။