အကျဉ်းထောင်အချို့ရှိ နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအပါအဝင် အကြောင်းပြချက်မျိုးစုံအတွက် အကျဉ်းဦးစီးဝန်ထမ်းများက ၎င်းတို့၏မိသားစုဝင်များထံ ဆက်သွယ်ကာ ငွေကြေးလိမ်လည်တောင်းခံမှုများ ၂၀၂၅ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှစ၍ ဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
PPNM ၏ တွေ့ရှိချက်အရ အကျဉ်းဦးစီးဝန်ထမ်းအချို့က နိုင်ငံရေးအကျဉ်းသား/သူအား ဆေးကုသရန်၊ ထောင်မပြောင်းရစေရန်၊ ပစ္စည်းဝယ်ပေးရန် အစရှိသည့် အကြောင်းပြချက်များဖြင့် ၎င်းတို့၏မိသားစုဝင်များထံ ဖုန်းဆက်သွယ်ကာ ငွေကျပ်သောင်းဂဏန်းမှ သိန်းရာဂဏန်းအထိ လိမ်လည်တောင်းခံမှုများရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ယင်းသို့ငွေကြေးတောင်းခံသည့်အကြောင်းကို မိသားစုများအနေဖြင့် သက်ဆိုင်ရာ နိုင်ငံရေးအကျဉ်းသား/သူအား ဧည့်တွေ့ချိန်တွင် မေးမြန်းစုံစမ်းခြင်းပြုလုပ်ပါက အဆိုပါ နိုင်ငံရေးအကျဉ်းသား/သူအား ပုဒ်မထပ်တိုးမည်ဟု ခြိမ်းခြောက်ခံရမှုလည်းရှိကြောင်း သိရသည်။
PPNM က ရရှိထားသည့် အချက်အလက်များအရ ဒိုက်ဦးအကျဉ်းထောင်၊ မန္တလေး အိုးဘိုအကျဉ်းထောင်၊ မြိတ်အကျဉ်းထောင်၊ ညောင်ဦးအကျဉ်းထောင်နှင့် ပခုက္ကူအကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားအချို့၏ မိသားစုများမှာ ယခုနှစ်ပိုင်းအတွင်း ကျပ်သောင်းဂဏန်းမှ သိန်းတစ်ရာဝန်းကျင်ထိ လိမ်လည်အတောင်းခံခဲ့ကြရသည်ဟု သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)သည် နိုင်ငံရေးအကျဉ်းသား/သူဟောင်းများဖြင့် ၂၀၂၃ ခုနှစ် ဇွန်လတွင် စတင်ဖွဲ့စည်းကာ အကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေးအကျဉ်းသားများ၏ အခွင့်အရေးချိုးဖေါက်ခံရမှု အခြေအနေများကို ထုတ်ဖေါ်ပေးနေသည့် အဖွဲ့ဖြစ်သည်။
#TachileikNewsAgency
Photo : Internet (ပုံဟောင်း)