ရန်ကုန်တိုင်းတွင် ဒီဇင်ဘာလအတွင်း ပြည်သူ ၅၉၆ ဦး ဖမ်းဆီးခံရပြီး ၎င်းတို့အနက်မှ (၁၄၆)ဦး စစ်မှုထမ်းသင်တန်းကျောင်းများသို့ ပို့ဆောင်ခြင်းခံရ

ရန်ကုန်တိုင်းတွင် ဒီဇင်ဘာလအတွင်း ပြည်သူ ၅၉၆ ဦး ဖမ်းဆီးခံရပြီး ၎င်းတို့အနက်မှ (၁၄၆)ဦး စစ်မှုထမ်းသင်တန်းကျောင်းများသို့ ပို့ဆောင်ခြင်းခံရ

ရန်ကုန်တိုင်းအတွင်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်သူ (၅၉၆)ဦး ဖမ်းဆီးခံရပြီး ၎င်းတို့အနက်မှ (၁၄၆)ဦး စစ်မှုထမ်းသင်တန်းကျောင်းများသို့ ပို့ဆောင်ခြင်းခံရကြောင်း Rangoon Scout Network ၏ အချက်အလက်ကောက်ယူမှုများအရ သိရသည်။

ရန်ကုန်တိုင်းအတွင်း ဒီဇင်ဘာလအတွင်း ပြည်သူ (၅၉၆)ဦး ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့အနက်မှ (၁၆၂)ဦးမှာ ပြန်မလွတ်လာတော့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများအနက် ပြန်လွတ်လာသူ (၇၁)ဦး ရှိပြီး ကျန် (၃၅၈)ဦး၏ နောက်ဆက်တွဲအခြေအနေများနှင့် ပက်သက်၍ စုံစမ်းမရသေးဘဲ ၊ ချုပ်နှောင်ထားသည့်ကြားမှ ထွက်ပြေးလွတ်မြောက်လာသူ (၆)ဦးရှိကြောင်း Rangoon Scout Network က ဆိုသည်။

ဖမ်းဆီးခံရသူများအနက် စစ်မှုထမ်းသင်တန်းကျောင်းများသို့ ပို့ဆောင်ခြင်းခံရသူ (၁၄၆)ဦးရှိပြီး ၊ တော်လှန်ရေးလှုပ်ရှားသူများဟုဆိုကာ ဖမ်းဆီးခံရသူ (၇)ဦး ရှိကာ ၊ ဆိုရှယ်မီဒီယာပေါ်တွင် စစ်ကောင်စီကို ဝေဖန်သည့်အတွက် ဖမ်းဆီးခြင်းခံရသူ (၂)ဦး ရှိကြောင်း သိရသည်။ 

ထို့အပြင် အသက်မပြည့်သေးသူ လူငယ် (၄)ဦးကို လိမ်လည်ခေါ်ဆောင်ကာ စစ်တပ်ထံသို့ ရောင်းစားသည့် ဖြစ်စဉ်လည်း ရှိခဲ့ပြီး ၊ သင်္ကန်းစည်းထားသူ (၂)ဦးလည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးခံရသူများအနက် ပြည်သူ (၃၆)ဦးမှာ ဖမ်းဆီးချိန် ရိုက်နှက်ခံရပြီး ၊ ကျဉ်စက်ဖြင့်တို့၍ ဖမ်းဆီးခံရသူ (၃)ဦးရှိကာ ၊ ၀င်ရောက်ဖမ်းဆီးချိန် သေနတ်ပစ်ခတ်မှုဖြစ်ခဲ့သည့် ဖြစ်စဉ် (၁)ခုလည်း ရှိကြောင်း သိရသည်။

“အခုဆို အဖမ်းအဆီး သတင်းတွေကြောင့် ညနေစောင်းရင် အပြင်မထွက်တော့ဘူး။ ကိုယ့်ရပ်ကွက်ထဲကိုယ်တော့ စိတ်မပူပါဘူး။ တခြားနေရာတွေသွားရင်တော့ ဂရုစိုက်ရတာပေါ့။” ဟု ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှ ဒေသခံတစ်ဦးက Tachileik News Anegcy ကို ပြောသည်။

ဖမ်းဆီးခံရသည့် အချက်အလက်များသည် Rangoon Scout Network ၊ ချိတ်ဆက်အဖွဲ့အစည်းများ နှင့် မီဒီယာသတင်းများထံမှ ကိုးကား၍ ပြုစုတွက်ချက်ထားခြင်းဖြစ်ပြီး လက်တွေ့မြေပြင်အခြေအနေမှာ ပို၍များနိုင်ကြောင်း Rangoon Scout Network က အသိပေးထားသည်။

#TachileikNewsAgency

#TNA_LE

Photo:Rangoon Scout Network