ငပလီကမ်းခြေမြို့ရှိ နေအိမ်များ လူအုပ်စုဖြင့် ဖောက်ထွင်းခိုးယူခံနေရ

ငပလီကမ်းခြေမြို့ရှိ နေအိမ်များ လူအုပ်စုဖြင့် ဖောက်ထွင်းခိုးယူခံနေရ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေမြို့တွင် လူအုပ်စုဖြင့် အကွက်တကျနေအိမ်များကို ဖောက်ထွင်းခိုးယူခြင်းများအား ပြုလုပ်လာနေကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲအခြေအနေကြောင့် တိမ်းရှောင်နေကြရသည့် ဒေသခံများ၏ နေအိမ်များကို လူအုပ်စုဖြင့် ဖောက်ထွင်းခိုးယူနေကြပြီး အိမ်စောင့်သူရှိပါကလည်း ရိုက်နှက်၍ ယူဆောင်ခြင်းများပါ ကျူးလွန်နေကြောင်း သိရသည်။

“မနေ့ ညနေပိုင်းက ဂျိတ္တော အောင်သိန္ဓိစေတီအနီးက နေအိမ်ကို လူ(၁၃)ယောက်က တုတ်တွေနဲ့ ဝင်လာပြီးတော့ အစောင့်ကို သံတုတ်နဲ့ရိုက်တယ်။ လဲသွားတဲ့အခါ ဝိုင်းဝန်းထိုးကန်တာတွေ လုပ်ကြတယ်။ ပြီးတော့ သူတို့အိမ်ထဲကို မွှေနှောက်ရှာတာပေါ့လေ။ ယူစရာပစ္စည်းမရှိတော့ ပြန်ထွက်သွားတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဂျိတ္တောရပ်ကွက်ရှိ ခန့်ဖုန်းအရောင်းဆိုင်အနီးရှိ ရွှေဆိုင်ကိုလည်း ဖောက်ထွင်းခြင်းများပြုလုပ်ခဲ့ကြသည့်အပြင် ဖောက်ထွင်းခံရသည့်နေရာများမှာ စစ်ကောင်စီတပ်စွဲထားရာနေရာများအနီးတွင်ဖြစ်ပြီး ရိုက်နှက်ခံရသူမှာ စိတ်ပိုင်းဆိုင်ရာ ပုံမှန်ရှိမနေတော့သည့်အခြေအနေဖြစ်သည်ဟု သိရသည်။

“(၁၃)ယောက်ထဲက (၃)ယောက်ကိုတော့ စကစဘက်က ဖမ်းမိထားတယ်။ ဂျိတ္တောမှာက လူတွေနည်းနည်းတော့ ရှိသေးတယ်။ ရပ်ကွက်တွေမှာ စုစုစည်းစည်းအိမ်တွေမရှိကြတော့ဘူးနော်။ အားလုံးက စစ်ရှောင်ကုန်ကြပြီ။ အခု ဖောက်ထွင်းမှုတွေက အကွက်ကျကျစီစဉ်ထားတဲ့ ဖောက်ထွင်းမှုတွေဖြစ်နေတယ်လို့ ပြောရမှာပေါ့။ လူအစုအဖွဲ့ နဲ့ဆိုတော့။”ဟု ဒေသခံတစ်ဦးက ပြောသည်။

သံတွဲမြို့တွင်း၌လည်း ယင်းကဲ့သို့ဖြစ်စဉ်များဖြစ်ပေါ်လာမည်ကို ဒေသခံများကစိုးရိမ်နေပြီး သံတွဲမြို့အနီး ရွှေကျောင်းပြင်ရွာတွင်မူ အချင်းချင်းမကျေနပ်ချက်ဖြင့် နေအိမ်များကို ဝင်ရောက်မီးရှို့ခြင်းများပင်ရှိနေကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မျိုးသည် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ရွှေလှေတိုက်နယ်အတွင်းလည်း ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ဒေသခံများမှာ မြို့လုံးကျွတ်နီးပါး စစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်။

#TachileikNewsAgency