ဖာပွန်မြို့တွင်းတိုက်ပွဲကြောင့် တပ်မိသားစုဝင်ကလေးတချို့နှင့် ဒေသခံ ၁၈၀ ကျော် တပ်မဟာ ၅ ထံရောက်ရှိလာ

ဖာပွန်မြို့တွင်းတိုက်ပွဲကြောင့် တပ်မိသားစုဝင်ကလေးတချို့နှင့် ဒေသခံ ၁၈၀ ကျော် တပ်မဟာ ၅ ထံရောက်ရှိလာ

ကရင်ပြည်နယ် ဖာပွန်မြို့တွင်းတိုက်ပွဲကြောင့် စစ်ကောင်စီတပ် မိသားစုဝင်ကလေးတချို့နှင့် ဒေသခံ(၁၈၀)ကျော် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ထိန်းချုပ်နယ်အတွင်းသို့ ထွက်ပြေးရောက်ရှိလာကြောင်း သိရသည်။

ဖာပွန်မြို့ကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ ဧပြီလ (၁)ရက်နေ့တွင် ဖာပွန်အခြေစိုက် စစ်ကောင်စီတပ်မှ တပ်မိသားစုဝင် အသက်(၂၂)နှစ်အရွယ် မပပ၊ အသက်(၁၅)နှစ်အရွယ် မောင်ကိုဟိန်း၊ အသက်(၃)နှစ်အရွယ် မဝါစည်အောင်နှင့် အသက်(၁)နှစ်အရွယ် မလင်းပပနိုင်တို့သည် KNU တပ်မဟာ(၅) ထိန်းချုပ်နယ်မြေသို့ ရောက်ရှိလာကြောင်း KNU ထံမှ သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အဦးများဖြစ်သည့် ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ နေအိမ်အဆောက်အဦး(၆၀)ထိမှန်ပျက်စီးသွားပြီး ရပ်ကွက်(၂)တွင်နေထိုင်သည့် လူဦးရေ(၁၈၆)ဦးလည်း တပ်မဟာ(၅)ထိန်းချုပ်နယ်မြေသို့ ထွက်ပြေးလာရသည်ဟု သိရသည်။

ဖာပွန်မြို့တွင် နှစ်ပေါင်း(၇၀)ကျော်ကြာတပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း ခလရ(၁၉)စခန်း ကို KNLAပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ကိုလည်း ထိန်းချုပ်ထားသဖြင့် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။

ဖာပွန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက မတ်လ(၁၉)ရက်နေ့မှစတင်ကာ ပိတ်ဆို့ထားရာက မတ်လကုန်ပိုင်းတွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားပြီး ဖာပွန်မြို့နှင့် (၃)မိုင်ခန့်ဝေးသည့် ဗျူဟာကုန်းတွင် ပူးပေါင်းနေခြင်းဖြစ်သည်ဟု သိရသည်။ 

ဧပြီလ (၁)ရက်နေ့က စစ်ကောင်စီတပ်သည် တိုက်လေယာဉ်ဖြင့် ဒွဲလိုးမြို့နယ် ထီးလော်သီတော့ရွာအတွင်းသို့ ပေါင်(၅၀၀)ရှိ ကလက်စတာဗုံး(၃)လုံးနှင့် နို့ကော်ရွာအတွင်းသို့ တစ်လုံး ကြဲချခဲ့ရာ နေအိမ်(၄)လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းနေ့ညပိုင်းတွင်လည်း မောင်သူမဲ့လေယာဉ်ဖြင့် ဘူးသိုမြို့နယ် မယ်ကလောကျေးရွာအုပ်စုနှင့် မယ်ညူကျေးရွာအုပ်စုအတွင်းသို့ ဗုံး(၁၀)လုံး ကြဲချခဲ့သည်ဟု သိရသည်။

#TachileikNewsAgency