စစ်တွေမြို့ ဗျိုင်းဖြူရွာသားများသတ်ခံရမှု လက်စားချေမည်ဟု AA တုန့်ပြန်

စစ်တွေမြို့ ဗျိုင်းဖြူရွာသားများသတ်ခံရမှု လက်စားချေမည်ဟု AA တုန့်ပြန်

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာမှ အရပ်သား (၅၀) ဦးကျော်ကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီ၏ တပ်မ၊ တပ်ရင်းများနှင့် ပါဝင်ပတ်သက်သူများအားလုံးကို ပြင်းထန်စွာ လက်စားချေတုန့်ပြန်မည်ဖြစ်ကြောင်း အာရက္ခတပ်တော်(AA)က ၂၀၂၄ ခုနှစ် ဇွန်လ(၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် မေလ(၂၉)ရက်နေ့က စစ်ကောင်စီ၏ စစ်တွေအခြေစိုက် ဒစကမှ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ(၁၀၁)မှ တပ်ဖွဲ့ဝင်များ၊ တခြားသော တပ်ရင်းတချို့မှ ထုတ်နုတ်အင်အားများ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)နှင့် မွတ်ဆလင်တပ်ဖွဲ့ဝင်များ အင်အား(၁၇၀)ဝန်းကျင်သည် ဗျိုင်ဖြူကျေးရွာအား ပိတ်ဆို့ဖြတ်တောက်ပြီး ကလေး၊ လူကြီး၊ လူငယ်၊ လူရွယ်၊ အမျိုးသားနှင့် အမျိုးသမီး တယောက်မကျန် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို့နောက် လက်နောက်ပြန်ကြိုးတုပ်ချည်နှောင်ကာ နေပူလှန်းထားခြင်း၊ အစာရေစာမပေးဘဲထားခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်သွားသည်ဟု သိရသည်။

၎င်းတို့သည် ဒေသခံ(၅၀)ဦးကျော်ကို သတ်ဖြတ်ခြင်း၊ အလောင်းဖျောက်ခြင်း၊ အမျိုးသမီးများအား မုဒိမ်းကျင့်ခြင်း၊ထောင်နှင့်ချီသော ပြည်သူများအား ဓားစာခံအဖြစ်ပြုလုပ်ခြင်း၊ ရွှေ၊ ငွေနှင့် အဖိုးတန်ပစ္စည်းများအားယူဆောင်ခြင်း၊ နေအိမ်တချို့အား မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

ယခုအဖြစ်အပျက်သည် ရခိုင်ပြည်သူလူထုတရပ်လုံးအတွက် သမိုင်းတွင် မည်သည့်အခါမှ မေ့ပျောက်၍ ရနိုင်လိမ့်မည်မဟုတ်သော ဖက်ဆစ်စစ်ကောင်စီ၏ ယုတ်မာသည့် လုပ်ရပ်တခုအဖြစ် ကျန်ရစ်နေမည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: AA Info Desk