မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှု (၄)နှစ်ပြည့်သည့် ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် ထိုင်းနှင့် မြန်မာ တက်ကြွလှုပ်ရှားသူများက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မင်းသုံးပါးအထိမ်းအမှတ်ရှေ့တွင် စစ်အာဏာရှင်ဆန့်ကျင်နေသည့် မြန်မာလူထုနှင့်အတူ ရပ်တည်ကြောင်း ကမ်ပိန်းတစ်ခုပြုလုပ်သည်။
မြန်မာ့ ဒီမိုကရေစီပြန်လည်ရရှိရေး ဘက်ပေါင်းစုံက ကြိုးပမ်းမှုများနှင့်အတူ ရပ်တည်ကြောင်းပြသရန် ကျင်းပသည့် အဆိုပါကမ်ပိန်းတွင် ထိုင်းနှင့်မြန်မာ တက်ကြွလှုပ်ရှားသူများ၏ ပူးတွဲထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့ပြီး လူငယ် Rapper များ၊ သံချပ်အဖွဲ့များ၊ စစ်အာဏာရှင်ဆန့်ကျင်သည့် သရုပ်ဖေါ်ပြကွက်များတင်ဆက်မှုအပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံသားတာဝန်ကျေပွန်စွာဖြင့် ဆန္ဒမဲပေးခဲ့ကြသည့် နိုင်ငံသားများ၏အသံကို ဖေါ်ပြသည့်အနေဖြင့် လက်သန်းတွင်မှင်နှစ်၍ ပန်းချီကားတွင်နှိပ်ကာ ဆန္ဒသဘောထားဖေါ်ပြမှုများကိုပါ လုပ်ဆောင်ကြသည်ကို တွေ့ရသည်။
လက်သန်းမှင်နှိပ်ကာ ဆန္ဒသဘောထားဖေါ်ပြထားကြသည့် အဆိုပါ ပန်းချီကားကို စစ်ကောင်စီလက်အောက်တွင် လေးနှစ်ကြာ ထိန်းသိမ်းခံထားရသည့် မိခင် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ခွင့်ရရေး ကြိုးပမ်းနေသည့် သားဖြစ်သူ ဦးထိန်လင်း (ခ) ကင်မ်အဲရစ်ထံ ပေးပို့သွားကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကမ်ပိန်းတွင် ထုတ်ပြန်ခဲ့သည့် ထိုင်း - မြန်မာ တက်ကြွလှုပ်ရှားသူများ၏ ပူးတွဲထုတ်ပြန်ချက်တွင် လွန်ခဲ့သည့်လေးနှစ်က မြန်မာ့အာဏာသိမ်းမှုကြောင့် အလွန်ဒုက္ခများခဲ့ကြသည့် မြန်မာပြည်သူများကို ကူညီအားပေးပံ့ပိုးကြသည့် ထိုင်းနိုင်ငံသားများနှင့် တက်ကြွလှုပ်ရှားသူများအား အထူးကျေးဇူးတင်ရှိကြောင်းအပြင် နှိပ်စက်ညှဉ်းပန်းမှုများ၊ အကြမ်းဖက်မှုများမှ ထွက်ပြေးလာသူများအား လက်ခံပေးကြသည့် ထိုင်းပြည်သူများ၏ ကရုဏာတရား၊ ကြင်နာမှု၊ နွေးထွေးစွာ ကြိုဆိုမှု၊ ချစ်ခင်ကြင်နာမှုနှင့် လူသားချင်းစာနာမှု၊ ထိုင်းမိတ်ဆွေများ၏ မယိမ်းမယိုင် စည်းလုံးညီညွတ်မှုများရှိမှုကိုလည်း ထုတ်ဖေါ်ပြောကြားခဲ့သည်။
အဆိုပါ ပူးတွဲထုတ်ပြန်ချက်က ထိုင်းနှင့် အာဆီယံအတွက် အဓိက အကြံပြုချက်ငါးချက်အဖြစ် မြန်မာနိုင်ငံမှ ပဋိပက္ခများနှင့် နိုင်ငံရေးဒုက္ခသည်များအတွက် သင့်လျော်သောအကူအညီများကို ကြိုဆိုလက်ခံပြီး ၎င်းတို့၏လူ့ဂုဏ်သိက္ခာကို လေးစားကာ ၎င်းတို့၏ဘဝပြန်လည်တည်ဆောက်ရန် လိုအပ်သည့် အကာအကွယ်နှင့် အခြေခံအထောက်အပံ့များကို ရရှိစေရေး ၊
စစ်အစိုးရအပေါ် သံတမန်ရေးအရ ဖိအားများ တိုးမြင့်လာစေရန်၊ ပစ်မှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို တွန်းအားပေးရန်နှင့် မရှိမဖြစ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များ အပါအဝင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများ၏ လူ့အခွင့်အရေးနှင့် သက်သာချောင်ချိရေးကို အကာအကွယ်ပေးရေး၊ မြန်မာနိုင်ငံတွင် တရားမျှတမှုနှင့် ငြိမ်းချမ်းရေးကို အထောက်အပံ့ဖြစ်စေသော မြင်သာထင်သာသောရလဒ်များရရှိရန် အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် သက်ဆိုင်သူများအားလုံးနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန်၊ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လွယ်ကူချောမွေ့စေရန်အတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းများ (CSO) နှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများ (CBOs) တို့နှင့် မဟာဗျူဟာမြောက် မိတ်ဖက်အဖွဲ့များ ထူထောင်ကာ အရေးကြီးသော ပြဿနာများကို ပူးပေါင်းဖြေရှင်းရေးတို့ကို တင်ပြထားသည်ကို တွေ့ရသည်။
ချင်းမိုင်တွင် မြန်မာ့စစ်အာဏာသိမ်း ၄ နှစ်ပြည့် ထိုင်း - မြန်မာ တက်ကြွလှုပ်ရှားသူများ ပူးပေါင်း ကမ်ပိန်းပြုလုပ်
Featured News
ဖေဖော်ဝါရီ 3, 2025
ဇန်နဝါရီ 30, 2025
ဇန်နဝါရီ 30, 2025
ဇန်နဝါရီ 28, 2025
ဇန်နဝါရီ 28, 2025