ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်စစ်ရေးတင်းမာနေ

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်စစ်ရေးတင်းမာနေ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား နှစ်ဖက်စစ်ရေးတင်းမာလျှက်ရှိကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ (၂) ရက်နေ့ နေ့လယ် (၁)နာရီဝန်းကျင်ခန့်တွင် KNU ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်းသို့ အင်အား (၂၀၀) ခန့်ဖြင့်  စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ (၁)နာရီကျော်ခန့် (၂)ကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ဒရုန်းလက်ရုံး တပ်ဖွဲ့မှလည်း စစ်ကောင်စီစစ်ကြောင်းအား ဒရုန်းများဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် (၄)ဦး သေဆုံးပြီး (၈)ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကာ သေဆုံးနှင့် ထိခိုက် ဒဏ်ရာရရှိသူများအား ဖောကားဖြင့် ခေါ်ဆောင်သွားသည်ဟု သိရှိရကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) က ဆိုသည်။

တိုက်ပွဲပြီးနောက် စစ်ကောင်စီစစ်ကြောင်းသည် ပြန်လည်ဆုတ်ခွာသွားပြီး လက်ရှိအချိန်ထိ နယ်မြေအတွင်း နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိခဲ့ဘဲ စစ်ကောင်စီစစ်ကြောင်းမှ (၁၂၀)မမဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ ပြည်သူနေအိမ်တလုံးနှင့် ဘုန်းကြီးကျောင်း ဇရပ်တစ်ခု ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား KNLA၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁)၊ ကျေးနယ် ကာကွယ်ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစုများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ၁