မိုးမိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ TNLA သိမ်းဆည်းရရှိ

မိုးမိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ TNLA သိမ်းဆည်းရရှိ
ဇူလိုင် 16, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း TNLA က ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ် စကခ(၂၁)၊ ခလရ(၂၇၆) တပ်ဖွဲ့ဝင်များ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် တောင်ကိုင်းရွာအနီးတဝိုက်တွင် TNLA၊ PLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက် (၁၁)လက်၊ ၆၀ မမ တစ်လက်၊ ခဲယမ်းများနှင့် စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် (၃)ကြိမ် လာရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

TNLA သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ် ကန်ကြီးရွာနှင့် သရက်ကုန်းအနီးတဝိုက်တွင်လည်း ယနေ့ နံနက်ပိုင်းက ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယမန်နေ့ ညပိုင်းကလည်း နောင်ချိုမြို့နယ် ဘန့်ဘွေးရွာနှင့် ရေဝင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ သဲခေါ်ရွာအနီးရှိ TNLA တပ်စခန်းအား ဒရုန်းဖြင့် (၂)ကြိမ်၊ လက်နက်ကြီးဖြင့် (၃)ကြိမ် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မိုးကုတ်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်စွဲထားသည့် မိုးကုတ်ဗျူဟာကုန်းမှတဆင့် ရေအေးရပ်ကွက်နှင့် ပန်းမရွာသို့ ယမန်နေ့ ညပိုင်းက လက်နက်ကြီးဖြင့် (၆)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ  အရပ်သား (၂)ဦး သေဆုံးခဲ့ပြီး (၅)ဦး ဒဏ်ရာရရှိခဲ့သည်။

#TachileikNewsAgency

Photo: PSLF/TNLA News