ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၂၆ ဦးရှိပြီး နေအိမ် ၃၉၈ လုံး မီးလောင်ပျက်စီးဟု AA ထုတ်ပြန်

ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၂၆ ဦးရှိပြီး နေအိမ် ၃၉၈ လုံး မီးလောင်ပျက်စီးဟု AA ထုတ်ပြန်

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအား စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၂၆)ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ (၂၇)ဦး ရှိကာ နေအိမ် (၃၉၈)လုံး မီးလောင်ပျက်စီးသွားကြောင်း အာရက္ခတပ်တော် AA က ယနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီက ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာကို  ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့ နေ့လယ် (၁)နာရီကျော်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာတောင်ပိုင်းရပ်ကွက်၊ ရွာအလယ်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်တို့ကို မီးအပြင်းအထန်လောင်ကျွမ်းခဲ့ပြီး နေအိမ်ပေါင်း (၃၉၈)လုံး မီးလောင်ကျွမ်းသွားခဲ့ကာ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်အများအပြား မီးထဲပါသွားခဲ့ကြောင်း AA က ဆိုသည်။

လက်ရှိအချိန်အထိ အာရက္ခတပ်တော် AAက ပြုစုနေသော စာရင်းများအရ သေဆုံးသူ (၂၆)ဦးရှိပြီး အလတ်စား၊ ပြင်းထန်ဒဏ်ရာရသူ (၁၂) ဦးရှိကာ အသေးစား (အပေါ့စား) ဒဏ်ရာရရှိသူ (၁၅) ဦးအထက်ရှိသည်ဟု ဆိုသည်။

ထို့အပြင် အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေသောသူများရှိနေသေးသည့်အတွက် သေဆုံး ဒဏ်ရာရသူများ အရေအတွက် ထပ်မံတိုးလာနိုင်ပြီး ၊ နောက်ထပ် သေဆုံး ဒဏ်ရာရသူများစာရင်း ရရှိပါက ဆက်လက်ဖော်ပြသွားပေးမည်ဖြစ်ကြောင်း AA က ပြောသည်။

ရခိုင်ဒေသတွင် စစ်ရှုံးနေသည့် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများတွင် ပြည်သူများကို ပစ်မှတ်ထားပြီး ဆေးရုံများ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ ဈေးများ၊ လမ်းတံတားများ နှင့် လူနေရပ်ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို သူရဲဘောကြောင်စွာဖြင့် နေစဉ်နှင့်အမျှ ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် ကျူးလွန်လျက်ရှိကြောင်း AA က ထုတ်ပြန်ပြောဆိုထားသည်။

#TachileikNewsAgency

#TNA_LE

Photo: AA Info Desk