ထီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပစ်ခတ်မှုဖြစ်ပြီး PDF ရဲဘော်(၂)ဦးကျဆုံးပြီး တစ်ဦးပျောက်ဆုံးနေ

ထီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပစ်ခတ်မှုဖြစ်ပြီး PDF ရဲဘော်(၂)ဦးကျဆုံးပြီး တစ်ဦးပျောက်ဆုံးနေ

မကွေးတိုင်း ထီးလင်းမြို့နယ်တွင် ၂၀၂၃ခုနှစ် ဇွန်လ(၁၅)ရက်နေ့က စစ်ကောင်စီတပ်နှင့် PDFတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး PDF ရဲဘော်(၂)ဦးကျဆုံး၊ (၃)ဦးဒဏ်ရာရရှိပြီး တစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။

ထီးလင်းမြို့မှ ထွက်လာသည့် စစ်ကောင်စီတပ် ခလရ(၅၀)တပ်ရင်းနှင့် ပျူစောထီး ပူးပေါင်းအင်အား (၁၅၀)ဝန်းကျင်သည် ၂၀၂၃ခုနှစ် ဇွန်လ(၁၄)ရက်နေ့တွင် အုန်းတွဲကျေးရွာကို ဝင်ရောက် ညအိပ်တပ်စွဲပြီး စားနပ်ရိက္ခာများ၊ ပြည်သူပိုင်ပစ္စည်းများအား ယူဆောင်သွားပြီးနောက် ဇွန်လ(၁၅)ရက်နေ့ နေ့လည်ပိုင်းတွင် ဒေသကာကွယ်ရေးတပ်များနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

"အုန်းတွဲရွာကို ဇွန်လ(၁၄)ရက်နေ့ကတည်းကရောက်လာတာပေါ့နော်။ နောက်နေ့ ဇွန်(၁၅)ရက်နေ့ နေ့ခင်းလောက်မှာ နောက်ချန်တွေ ရွာထဲမှာ ရှိနိုင်သေးတယ်ဆိုတဲ့ သတင်းရတဲ့အတွက် ကျွန်တော်တို့အဖွဲ့တွေ အုန်းတွဲရွာကို ချဉ်းကပ်တာပါ။ ချဉ်းကပ်တဲ့အခါမှာ မထင်မှတ်ဘဲ အသင့်စောင့်နေတဲ့ ကင်းပုန်းတွေနဲ့ တိုးတာပါဗျ။ သူတို့ သတင်းကြိုရထားတဲ့ပုံပါခင်ဗျ။"ဟု YRF ထီးလင်းမှ တာဝန်ရှိသူ သခင်ဇော်က Tachileik News Agency ကို ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် နေ့လည်ပိုင်းတွင် အုန်းတွဲရွာ၌ နောက်ချန်အင်အားချန်ထားခဲ့ပြီး အယောင်ပြထွက်သွားပြီးနောက် (၂)နာရီ ဝန်းကျင်အကြာတွင် PDFတပ်ဖွဲ့များ၏ နောက်ဘက်မှ တက်လာ၍ နှစ်ဖက်ညှပ်ကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ကို ဂန့်ဂေါခရိုင်တပ်ရင်း(၁၅၊ ၁၆၊ ၁၇)၊ YRA ထီးလင်းနှင့် မဟာမိတ် KKG ပူးပေါင်းတပ်တို့မှ ပြောက်ကျားတိုက်ခိုက်ရန် နှစ်ဖွဲ့ခွဲပြီး ချဥ်းကပ်ရာက ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"ပျောက်ဆုံးနေတဲ့ရဲဘော်က ဖမ်းခံရတယ်လို့တော့ ကျွန်တော်တို့ သုံးသပ်ထားတယ်ပေါ့နော်။ အခုအချိန်ထိပျောက်ဆုံးနေဆဲပါ။ ဘာလို့ဖမ်းခံရတယ်လို့ပြောလဲဆို သူသည် ရှေ့ကိုကျော်တက်သွားတယ်ပေါ့နော်။ ပြန်ပြီးတော့ ပေါ်မလာတော့ ဖမ်းခံရတယ်လို့ပဲ ကျွန်တော်တို့ သတ်မှတ်ထားပါတယ်။ နောက်ပြီး လက်နက်လဲပါမသွားဘူး။"ဟု သခင်ဇော်က ဆက်ပြောသည်။

ပစ်ခတ်မှုကြောင့် YRA(ထီးလင်း)မှ တပ်စုမှူး ဝေယံလင်းနှင့် တပ်သား ဝင်းကိုနိုင်တို့ ကျဆုံးခဲ့ရပြီး တပ်သားပြည့်ဖြိုးအောင်(စိုးရိမ်ရ)နှင့် ပကဖတပ်ဖွဲ့ဝင်တစ်ဦး၊ တပ်သားတစ်ဦး(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကာ တပ်သားဆန်းဦး ပျောက်ဆုံး(ဖမ်းဆီးခံရ)သည်ဟု သိရသည်။ ဒါ့အပြင် PDF တပ်များဘက်က M4 သေနတ်တစ်လက် ဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို မသိရသေးပေ။

#TachileikNewsAgency