ရခိုင်နှင့် ထိစပ်ဒေသများတွင် တိုက်ပွဲဖြစ်နေဟု AA အသိပေး

ရခိုင်နှင့် ထိစပ်ဒေသများတွင် တိုက်ပွဲဖြစ်နေဟု AA အသိပေး

ရခိုင်နှင့် ထိစပ်နေသည့် ဒေသများတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားနေသည်ဟု အာရက္ခတပ်တော်(AA)က ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့တွင် ထုတ်ပြန်သည်။ 

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် အမ်း၊ တောင်ကုတ်၊ ဂွမြို့များမှ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တစ်ခုမကျန် လက်လွှတ်လိုက်ရပြီးနောက်တွင် ရခိုင်ရိုးမနှင့် နယ်နိမိတ် ထိစပ်နေသော ရိုးမတောင်တန်းနှင့် ရခိုင်-ပဲခူးအစပ်၊ ရခိုင်-မကွေးအစပ်၊ ရခိုင်-ဧရာဝတီတိုင်းအစပ်နှင့် ရခိုင်ရိုးမ-ဧရာ ဝတီတိုင်းအစပ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေသည်ဟု ဆိုသည်။ 

အမ်းမြို့နယ်အတွင်း ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်းကျေးရွာ အနီးပတ်ဝန်းကျင် တစ်နည်းအားဖြင့် အမ်း-ပဒါန်း ကားလမ်းမအနီး၌ အပြန်အလှန် ထိုးစစ်၊ ခံစစ်များနှင့်အတူ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့သည်မှာ တစ်ပတ်ကျော်ပြီဟု သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီ တပ်မ (၈၈)၊ (၉၉) လက်အောက်ခံတပ်ရင်းများ၊ မကွေး၊ ကပစမှ တပ်ဖွဲ့ဝင်များပါဝင်သည့် တပ်ရင်းများနှင့် ဇန်နဝါရီလ (၁၁)ရက်နေ့ကတည်းကပင် စတင်ထိတွေ့မှုဖြစ်ပွားနေသည်ဟု ဆိုသည်။ 

စစ်ကောင်စီတပ်သည် အကြိမ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်လာသော်လည်း အထိအခိုက် အသေအဆုံး များစွာဖြင့် ပြန်လည်ဆုတ်ခွာ ထွက်ပြေးနေသည်ဟု ဆိုသည်။ 

တစ်ပတ်ကျော်ကြာတိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်သားရုပ်အလောင်းများကို တွေ့ရှိရပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရရှိကာ စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိသည်ဟု သိရသည်။ 

ရခိုင်-ဧရာဝတီတိုင်းအစပ်၏ နေရာအချို့၊ ပွိင့် (၃၆၉)ကုန်းနှင့် ဧရာဝတီတိုင်း၊ ရေကြည်မြို့၊ ချင်းစုကျေးရွာအနီးတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ် ပွားနေသည်ဟု ထုတ်ပြန်ထားသည်။

အာရက္ခတပ်တော်သည် ရခိုင်ပြည်နယ်အတွင်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ရန် အဓိက မြို့ကြီးသုံးမြို့ဖြစ်သော စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့သာ ကျန်တော့သည်။ 

စစ်တွေမြို့နှင့်အနီးတစ်ဝိုက်တွင် စစ်ကောင်စီသည် လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း၊ စနိုက်ဘာများဖြင့် တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေပြီး လေကြောင်း၊ ရေကြောင်းများမှလည်း ရမ်းသန်းပစ်ခတ်မှုများ နေ့စဉ်ရှိနေသည်ဟု သိရသည်။ 

အထူးသဖြင့် ဒရုန်းတိုက်ခိုက်မှု အပါအဝင် လေကြောင်းတိုက်ခိုက်မှုများမှာ ပိုမိုများပြားသည်ဟု ဆိုသည်။ 

ဇန်နဝါရီလ (၂၀)ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီသည် စစ်တွေမြို့နယ် ကံ့ကော်ကျွန်းရွာမှ ၎င်း၏ တစ်ဖက်ကမ်းရှိ ဝါဘိုကျေးရွာအတွင်းသို့ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဝါဘိုကျေးရွာအတွင်းရှိ အရပ်သားလူနေအိမ်တချို့ မီးလောင်ပျက်စီးသည်ဟု သိရသည်။

#TachileikNewsAgency

#TNA_MAT

Photo: AA Info Desk