သူရဦတင်ဦး ကျန်းမာရေးစိုးရိမ်ရ 

သူရဦတင်ဦး ကျန်းမာရေးစိုးရိမ်ရ 
မေ 30, 2024 | 2021 Military Coup

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နာယက သူရဦးတင်ဦးသည် ယနေ့ ၂၀၂၄ ခုနှစ် မေလ (၃၀)ရက်နေ့တွင် ကျန်းမာရေးစိုးရိမ်ရသဖြင့် ဆေးရုံတင်ထားရကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။

သူရဦးတင်ဦးသည် အသက်(၉၈)နှစ်ရှိပြီဖြစ်ပြီး ကျန်းမာရေးအခြေအနေကြောင့် မေလ (၂၉)ရက်နေ့တွင် ရန်ကုန်ဆေးရုံ၊ နှလုံးကုသဆောင်သို့ ပို့ဆောင်ခဲ့ရကာ ယင်းမှတဆင့် အထူးကြပ်မတ်ဆောင်ကို ပြောင်းရွေ့ထားရသည်ဟု သိရသည်။ 

၎င်းကွယ်လွန်ပြီဟု သတင်းမှားများလည်း ပျံ့နှံ့နေပြီး နီးစပ်သူများကမူ ည(၁၀)နာရီကျော်အထိ ဆေးရုံတင်ထားရဆဲဟု ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်ဆောင် တစ်ဦးဖြစ်သည့် ဦးမြအေးကလည်း "NLD နာယက ဘဘဦးတင်ဦး ဆုံးသွားပြီဆိုတဲ့သတင်းဟာ မမှန်ပါ။ယနေ့ည (၉)နာရီ(၄၀)အထိ ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှုခံယူနေဆဲပါ။ အခြေအနေတစုံတရာ တိုးတက်မှုရှိပေမယ့် စိုးရိမ်ရဆဲလို့ ပြောလို့ရပါတယ်။"ဟု ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

သူရ ဦးတင်ဦးသည် ၂ဝ၁၇ ခုနှစ်ကစတင်၍ လေဖြတ်ဝေဒနာ ခံစားနေရခြင်းဖြစ်ကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ကျန်းမာရေးကြောင့် ဆေးရုံတင်ခဲ့ရစဉ် ရွှေညဝါဆရာတော်က လာရောက် တွေ့ဆုံခဲ့သည်။

သူရဦးတင်ဦးသည် ၁၉၇၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ဇေယျကျော်ထင်နှင့် သူရဘွဲ့ရရှိထားသူဖြစ်သည်။

၁၉၈၈ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၌ ဦးဆောင်ပါဝင်ခဲ့သည့် ကာချုပ်တစ်ဦးလည်း ဖြစ်သည်။

#TachileikNewsAgency

Photo: ရွှေညဝါဆရာတော်မှ သူရဦးတင်ဦးအား သွားရောက်တွေ့ဆုံစဉ် (ပုံဟောင်း)