အုတ်ဖိုမြို့နယ် ဂမုန်းရေလှောင်တမံသို့ တက်လာသည့် စစ်ကောင်စီ ရှေ့ပြေးစစ်ကြောင်းနှင့် ကင်းထောက်ရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ

အုတ်ဖိုမြို့နယ် ဂမုန်းရေလှောင်တမံသို့ တက်လာသည့် စစ်ကောင်စီ ရှေ့ပြေးစစ်ကြောင်းနှင့် ကင်းထောက်ရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ

ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဂမုန်းရေလှောင်တမံသို့ တက်လာသည့် စစ်ကောင်စီ ရှေ့ပြေးစစ်ကြောင်းနှင့် ကင်းထောက်ရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို)မှ ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စစ်ဆင်ရေးနယ်မြေအတွင်းရှိ ဂမုန်းရေလှောင်တမံသို့ ဝိုင်းကျေးရွာရဲစခန်းမှ တက်လာသည့် အင်အား (၁၂)ဦးပါ စစ်ကောင်စီ ရှေ့ပြေးစစ်ကြောင်းအား အောက်တိုဘာလ (၄)ရက်နေ့ နံနက် (၉) နာရီခန့်တွင် တာဝါတိုင်ရွာအတွင်း၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁)ဦး နေရာတွင် သေဆုံး၍ (၃)ဦး ပြင်းထန်ဒဏ်ရာ ရရှိကာ အပြန်အလှန် ပစ်ခတ်မှု မိနစ် (၂၀)ခန့်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကူရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ သေဆုံးဒဏ်ရာရရှိသူများအား သယ်ယူ၍ တပ်ဆုတ်သွားခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို)က ဆိုသည်။

စစ်ကောင်စီတပ်များ တပ်ဆုတ်သွားပြီးနောက် အောက်တိုဘာလ (၄)ရက်နေ့ ညနေ (၃)နာရီခန့်တွင် ဂမုန်းရေလှောင်တမံသို့ ကင်းထောက်ရန်လာသည့် အရပ်ဝတ် လက်နက်ကိုင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦးအား ဇီးကင်းပြန့် တောစပ်၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထပ်မံ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦး နေရာတွင် သေဆုံးခဲ့ပြီး ထပ်မံရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အလောင်းကောက်၍ တပ်ဆုတ်သွားခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၃) ရက်နေ့ကလည်း ဂမုန်းရေလှောင်တမံသို့ ဝိုင်းကျေးရွာရဲစခန်းမှ တက်လာသည့် အင်အား (၄၀)ခန့် ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၄)ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍လည်း အုတ်ဖိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများအနေနှင့် ၎င်းတို့အနီး သွားလာနေထိုင်မှုများ မပြုလုပ်ကြရန် သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ (၄)၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို)မှ အသိပေးထားသည်။

#TachileikNewsAgency

Photo : ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖို (ပုံဟောင်း)