ယောဒေသအတွင်း စည်းစနစ်မရှိဘဲ ငွေကြေးခွဲတမ်း ကောက်ခံနေသည့် ပသုံးလုံးအဖွဲ့များကို စိစစ်ပြီး လူထုရွေးချယ်မှုဖြင့် ပြန်လည်ဖွဲ့စည်းကြရန် ယောကာကွယ်ရေးတပ် - YDF တိုက်တွန်း

ယောဒေသအတွင်း စည်းစနစ်မရှိဘဲ ငွေကြေးခွဲတမ်း ကောက်ခံနေသည့် ပသုံးလုံးအဖွဲ့များကို စိစစ်ပြီး လူထုရွေးချယ်မှုဖြင့် ပြန်လည်ဖွဲ့စည်းကြရန် ယောကာကွယ်ရေးတပ် - YDF တိုက်တွန်း

 ယောဒေသ ဂန့်ဂေါမြို့နယ်အတွင်း ပြည်သူလူထုထံ စည်းစနစ်မရှိဘဲ ငွေကြေးခွဲတမ်း ကောက်ခံနေသည့် ပသုံးလုံးအဖွဲ့များကို စိစစ်ပြီး လူထုရွေးချယ်မှုဖြင့် ပြန်လည် ဖွဲ့စည်းကြရန် ယောကာကွယ်ရေးတပ် - YDF က တိုက်တွန်းနှိုးဆော်လိုက်သည်။

ဂန့်ဂေါမြို့နယ်အတွင်းရှိ ပသုံးလုံးအဖွဲ့များဖြစ်သည့် ပကဖ ၊ ပအဖ ၊ ပလဖ များအနေဖြင့် မြို့သိမ်းတိုက်ပွဲများအား အကြောင်းပြ၍ ငွေကြေးခွဲတမ်း ကောက်ခံမှုများကို တာဝန်ယူမှု ၊ တာဝန်ခံမှု မရှိဘဲ ပြုလုပ်နေပြီး တချို့သော ကျေးရွာများတွင် အတင်းအဓမ္မငွေကြေးကောက်ခံမှုများကိုပင် တွေ့ရှိရကြောင်း ယောကာကွယ်ရေးတပ် - YDF က ဆိုသည်။

ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ခက်ခဲစွာရှင်သန်နေရသည့် ပြည်သူများသည် အုပ်ချုပ်ရေး အမည်ခံထားသည့် ပသုံးလုံး အဖွဲ့အစည်းများ၏ စည်းစနစ်မရှိသည့် ငွေကြေးခွဲတမ်း ကောက်ခံမှုများကြောင့် ပိုမိုခက်ခဲစွာ အသက်ဆက်နေရသည်ဟု ဆိုသည်။

ယခုအချိန်သည် စစ်ကောင်စီထံမှ အားလုံးပိုင်ဆိုင်သည့် နယ်မြေ ၊ ရပိုင်ခွင့်များနှင့် အခွင့်အရေးများအား ပြန်လည်ရယူနိုင်ရေးတွက် မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ရမည့် အချိန်ဖြစ်ပြီး ပြည်သူလူထု၏ ထောက်ပံ့ငွေများအား စနစ်တကျ အလေအလွင့်မရှိ ကောက်ခံရန် လိုအပ်ကာ ၊ ထိုငွေများအား မြို့သိမ်းတိုက်ပွဲဖော်ဆောင်မည့် တပ်ဖွဲ့များထံ ရောက်ရှိရန်လိုအပ်သည်ဟု YDF က ထောက်ပြသည်။

ဂန့်ဂေါမြို့နယ်အတွင်း ရပ်/ကျေး အဆင့် အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထုများသည် မြို့နယ် ပသုံးလုံးမှ ကောက်ခံသည်ဟုသာ သိရှိကြပြီး ၊ မြို့နယ်  ပလဖ -  ပြည်သူ့လုံခြုံ​ရေးအဖွဲ့| ပအဖ - ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့   | ပကဖ -  ပြည်သူ့ကာကွယ်​ရေးအဖွဲ့  များထံ ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့မှ ကျေးရွာပြည်သူလူထု၏ သဘောဆန္ဒအလျှောက် ကောက်ယူခြင်းသာဖြစ်ကြောင်း ပြန်လည်ဖြေဆိုခဲ့ပြီး ၎င်းတို့အချင်းချင်း လက်ညိုးထိုးလွဲချနေခြင်းသည် ပြည်သူလူထုကိုသာ နစ်နာစေသည်ဟု YDF က ဆိုသည်။

ကျေးရွာ ၊ မြို့နယ် အဆင့်ဆင့်တွင် အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းရာတွင် အောက်ခြေကျေးရွာအဆင့်မှ စ၍ ပြည်သူလူထု ယုံကြည်ကိုးစားရသည့် ရပ်ရွာခေါင်းဆောင်များကို အများသဘောဆန္ဒဖြင့် ဒီမိုကရေစီနည်းလမ်းအရ ရွေးချယ်ခန့်အပ်သည့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များကို ပြည်လည်ဖွဲ့စည်းစေပြီး ၊ ထိုမှတဆင့် ကျေးရွာအုပ်စုခေါင်းဆောင်များ၏ ယုံကြည်ကိုးစားမှုရှိသူများကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းပေးခြင်းကသာ အခွင့်အရေးသမားများကို ဖယ်ထုတ်နိုင်မည်ဖြစ်ကြောင်း YDF က အကြံပြုသည်။

ထိုကိစ္စအတွက် YDF အနေဖြင့် ပြည်သူများဖြင့် တသားတည်းရပ်တည်ပြီး ပြည်သူ့ဆန္ဒနှင့် အညီ အုပ်ချုပ်ရေးအဖွဲ့များ ပေါ်ပေါက်လာရန် ကူညီပေးသွားမည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ၎င်းကိစ္စများအား သက်ဆိုင်ရာ နယ်မြေဒေသအလိုက် ကာကွယ်ပေးရင်း ပြည်သူလူထုထောက်ခံသည့် အုပ်ချုပ်ရေးအဖွဲ့များ ပေါ်ပေါက်လာရန် ဆောင်ရွက်ကြရန် YDF နှိုးဆော်သည်။

ထို့အပြင် ယောကာကွယ်ရေးတပ် - YDF အနေဖြင့် ပြည်သူလူထုထံမှ တကြိမ်တခါမှ ငွေကြေးခွဲတမ်း ကောက်ယူခဲ့ခြင်းမရှိခဲ့ဘဲ ၊ ထိုကဲ့သို့ ငွေကြေးခွဲတမ်း ကောက်ခံမှုများ ကိုလည်း မှန်ကန်သည့် လမ်းကြောင်းပေါ်မှ စစ်ဆေးဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

တော်လှန်ရေး၏ အုတ်မြစ်သည် လူထုဖြစ်ပြီး ၊ လူထုသည် ပသုံးလုံးယန္တရားဖြင့် နေ့စဉ်ထိတွေ့နေကြရသည့်အတွက် ပသုံးလုံး ယန္တရားဖြစ်သည့် ပြည်သူ့ကာကွယ်ရေး ၊ ပြည်သူ့ အုပ်ချုပ်ရေးနှင့် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့များ တော်တည့်ဖြောင့်မတ်ရေး ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရန်နှင့် အကောင်အထည်ဖော်ရာတွင် အလုပ်ဖြစ်ရုံမျှ ပြုပြင် ပြောင်းလဲရေးထက် ပိုသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ဒူဝါလရှီးလက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ( ၁၄ ) ရက်နေ့တွင် ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် တိုက်တွန်းပြောဆိုထားသည်။