ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲချသဖြင့် သံဃာတော်တစ်ပါး နှင့် အရပ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲချသဖြင့် သံဃာတော်တစ်ပါး နှင့် အရပ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ
နိုဝင်ဘာ 18, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ခြမ်း၊ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်း၌ ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၈)ရက်နေ့တွင် စစ်ကောင်စီတပ်က ဒရုန်းနှင့် ဗုံးသီးချတိုက်ခိုက်မှုကြောင့် သံဃာတော်တစ်ပါးနှင့် အရပ်သား(၃)ဦး သေဆုံးကာ (၁၀)ဦး ဒဏ်ရာရကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

ဇီးကုန်းသကြားစက်အထိုင် စစ်ကောင်စီတပ်များက ယနေ့ နံနက်(၇)နာရီခွဲဝန်းကျင်တွင် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်နေရာအား ဇီးကုန်းသကြားစက်အထိုင်မှ ပထမအကြိမ် Drone ဖြင့် ၈၁ မမ ဗုံးသီး(၃)လုံးနှင့် ဒုတိယအကြိမ်တွင် ဗုံးသီး(၂)လုံး စုစုပေါင်း ဗုံးသီး(၅)လုံး ကြဲချတိုက်ခိုက်ရာ ခရီးသွားကားဘေးကျရောက်ပေါက်ကွဲပြီး ကားပေါ်လိုက်ပါလာသည့် သံဃာတော်တစ်ပါးနှင့် အမျိုးသား (၂)ဦး၊ အမျိုးသမီး တစ်ဦး စုစုပေါင်း(၄)ဦးတို့ ထိမှန်သေဆုံးကာ ခရီးသည်(၁၀)ဦး ဒဏ်ရာရပြီး ကားနှစ်စီးလည်း ပျက်စီးသွားကြောင်း သိရသည်။

ထိခိုက်သေဆုံးသွားသည့် သံဃာတော်တစ်ပါးနှင့် ပြည်သူ(၃)ဦးမှာ ငွေတိုးမန်း ခရီးသည်ကားဖြင့် လိုက်ပါလာသည့် ခရီးသွားပြည်သူများဖြစ်ပြီး အမည်နှင့် နေရပ်လိပ်စာများကို ဆက်လက်စုံစမ်းနေဆဲဟု ဆိုသည်။ 

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့တွင် ပြည်သူပိုင်နေအိမ်များအား  စစ်ကြောင်းထိုးမီးရှို့ပြီး ပြည်သူများအား သတ်ဖြတ်ခြင်း၊ ရွာများအား ပစ်မှတ်ထားပြီး Drone ဗုံးသီးချခြင်း၊ ပျူသင်တန်းတက်ရန်  ပြည်သူများအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းများကို လုပ်ဆောင်နေသည်မှာ နှစ်ပတ်ကျော်ကြာပြီဖြစ်ကာ ဖမ်းဆီးခေါ်ဆောင်သွားသည့် ပြည်သူ(၁၃၀)ဝန်းကျင်လည်း ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။ 

နိုဝင်ဘာလ (၁၆)ရက်နှင့် (၁၇)ရက်နေ့တိုတွင်လည်း ကန့်ဘလူမြို့နယ်၊ အလယ်ခုံရွာ၊ ကျွန်းလှမြို့နယ် ရွာကုန်းကြီးနှင့် လိပ်ဆင်းတောင်ရွာတို့အား စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် နှစ်ရက်ဆက်တိုက် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရွာကုန်းကြီးရွာမှ နေအိမ်(၃)လုံး မီးလောင်ပျက်စီးပြီး လိပ်ဆင်းတောင်ရွာမှ နေအိမ်(၆)လုံး၊ ကားဝပ်ရှော့မှ ကား(၇)စီး၊ ကန်တာကားတစ်စီး၊ ဆိုင်ကယ်တစ်စီးနှင့် နွားတစ်ကောင်သေကာ တစ်ကောင် ထိခိုက်ဒဏ်ရာရှိသည်ဟု သိရသည်။

ထို့အပြင် အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ခပေါင်းရုံရွာမှ ဦးမောင်နိုင် ဗုံးစထိမှန်ကာ သေဆုံးကြောင်း သိရသည်။

#TachileikNewsAgency

Photo: ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့