ချင်းပြည်နယ် တွန်းဇန်မြို့နယ်ရဲစခန်းနှင့် စစ်ကိုင်းတိုင်းဒေသရှိ ရဲစခန်းများမှ ရဲတပ်သား (၃)ဦးနှင့် Non CDM ဝန်ထမ်း (၃၀)ကျော် အလင်းဝင်လာသည်ဟု တွန်းဇန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲထံမှ သိရသည်။
မေလနောက်ပိုင်း တွန်းဇန်မြို့ရှိ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများအပြီးတွင် Non CDM ဝန်ထမ်း(၃၀)ကျော် အလင်းဝင်လာခြင်းဖြစ်ပြီး ရဲတပ်သား(၃)ဦးသည် ဩဂုတ်လအတွင်းက အလင်းဝင် ခိုလှုံလာခြင်းဖြစ်ကာ ၎င်းတို့မှာ ဘေးကင်းလုံခြုံသည့်နေရာသို့ ရောက်ရှိနေပြီဟု ဆိုသည်။
“စခန်းသိမ်းနောက်ပိုင်း ဆက်သွယ်လာတဲ့သူများပါတယ်။ တချို့ကတော့ တိုက်ပွဲမဖြစ်ခင်လည်း ဆက်သွယ်တာ ရှိပါတယ်။ (၃၀)ကျော်ထဲမှာ အများစုက ဝန်ထမ်းလုပ်ရတာ မပျော်ကြတော့ဘူး။ ရတဲ့ လခနဲ့ တင်းကျပ်တဲ့ စည်းကမ်း၊ တယောက်နဲ့ တယောက် မယုံသင်္ကာမှုတွေနဲ့အတူ မပျော်ကြတာ များပါတယ်။ သူတို့အသိစိတ် မသိစိတ်မှာက စစ်အာဏာရှင်စနစ်ကို မလိုချင်ကြပါဘူး။ ဒါပေမယ့် စားဝတ်နေရေး အခက်အခဲကြောင့် CDM မလုပ်ဘဲနေကြတဲ့သူတွေ များပါတယ်။”ဟု တွန်းဇန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲမှ တာဝန်ရှိသူ ဦးအဲလက်စ် က Tachileik News Agency ကိုပြောသည်။
အလင်းဝင်လိုသော စစ်ကောင်စီလက်အောက်ခံ Non CDM များအား ချင်းပြည် CDM မူဝါဒများအတိုင်း မြို့နယ် CDM ကော်မတီ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ စီစစ်ဆောင်ရွက်၍ (၃၀)ဦးကျော်အား ခံဝန်ကတိဖြင့် လက်ခံခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“ခိုလှုံလာတဲ့ ရဲ ၃ ဦးကို ဆုကတော့ ချီးမြှင့်တယ်။ ကားခ ထောက်ပံ့ပေးတယ်။ လက်နက်တော့ မပါကြဘူး။ သူတို့နဲ့ ဆက်သွယ်ရတာကြာပြီ။ ဒါပေမယ့် အဆက်အသွယ်ပြတ်လိုက်ဖြစ်နေတာ။ တစ်ယောက်က ကယ်ထုတ်တယ်။ နှစ်ယောက်ကတော့ သူတို့ဘာသာသူတို့ ထွက်လာတာ။”ဟု ဦးအဲလက်စ်က ဆက်ပြောသည်။
ပြီးခဲ့သည့် မေလက တွန်းဇန်မြို့သိမ်းတိုက်ပွဲဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ(၆၀)နီးပါးပြုလုပ်ခဲ့ရာ မြို့ပေါ်ရှိ ခေါ်ဝုန်လေးဆန်ရပ်ကွက်မှ အိမ်ခြေ(၃၀)ကျော်နှင့် လုံတပ်၊ ဖိုင်တူရွာ တို့တွင်လည်း နေအိမ်များပျက်စီးခဲ့သည်။
ထို့အပြင် ကျေးရွာ(၁၅)ရွာနှင့် မြိုပေါ်ရပ်ကွက်(၂)ခုမှ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
ထို့နောက် တွန်းဇန်မြို့နယ်ကို မေလ(၂၃)ရက်နေ့တွင် ချင်းတော်လှန်ရေးတပ်ပေါင်းစုက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်သား (၄၀)ကျော်ကို အရှင်ဖမ်းမိခဲ့သည်။
တွန်းဇန်မြို့သိမ်းတိုက်ပွဲအတွင်းမှ လက်နက်(၈၀)နီးပါးနှင့် ကျည်ဆန်များစွာကို သိမ်းဆည်းရရှိပြီး ဆိုင်ကလုန်းစင်တာတွင် ချုပ်နှောင်ထားသည့် နိုင်ငံရေးအကျဉ်းသားများကိုလည်း ကယ်ထုတ်နိုင်ခဲ့သည်။
“တွန်းဇန်က အခု မျိုးနွယ်စုလက်နက်ကိုင်တွေအကြား တင်းမာမှုရှိတယ်။ စစ်ကောင်စီကတော့ ကင်းစင်သွားပါပြီ။”ဟု ဦးအဲလက်စ်က ပြောသည်။
မည်သည့်အခြေအနေကြောင့် မျိုးနွယ်စု လက်နက်ကိုင်အချင်းချင်း တင်းမာနေသည်ကိုမူ Tachileik News Agency က မေးမြန်းထားဆဲ ဖြစ်ပါသည်။
တွန်းဇန်မြို့နယ်၏ အရှေ့ဘက်တွင် စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့် တမူးမြို့နယ်၊ တောင်ဘက်တွင် တီးတိန်မြို့နယ်၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံရှိ မိဇိုရမ်ပြည်နယ်၊ မြောက်ဘက်တွင် မဏိပူရပြည်နယ်များတည်ရှိသည်။
#TachileikNewsAgency
Photo:Tonzang Township Administration Board