KNU ၏ တပ်မဟာ(၅) ထိန်းချုပ်နယ်မြေတွင် အောက်တိုဘာလ၏ ရက်ပေါင်း(၂၀)အတွင်း တိုက်ပွဲပေါင်း (၁၂၃)ကြိမ် ဖြစ်ပွားရာတွင် အာဏာသိမ်းစစ်တပ်ဘက်က ဒုဗိုလ်မှူးကြီး အပါအဝင် စုစုပေါင်း (၅၈)ဦး သေဆုံးပြီး (၆၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူဗဟိုက အောက်တိုဘာလ(၂၃)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
KNU-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် ထိမ်းချုပ်နယ်မြေအတွင်း ဘူးသိုမြို့နယ် နှင့် ဒွယ်လိုးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ အာဏာသိမ်းစစ်တပ်က လက်နက်ကြီး အလုံးပေါင်း (၁၇၀)ကျော် ပစ်ချသလို လက်နက်ငယ်များဖြင့်လည်း အချက်ပေါင်းများစွာဖြင့် ရမ်းသမ်းပစ်ခတ်သည့်အတွက် ကျေးရွာနေ ပြည်သူများမှာ စစ်ဘေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။
KNU ၏ တပ်မဟာ (၅) နယ်မြေတွင် အာဏာသိမ်းစစ်တပ်၏ စစ်ရေးလှုပ်ရှားတပ် (၂၇) တပ်ရင်းရှိပြီး ရက်ပေါင်း (၂၀)၏ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးနှင့်ဒဏ်ရာရရှိသူများပြားခဲ့သော်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)တို့မှ ထိခိုက်ဒဏ်ရာရရှိသူ (၇)ဦးသာရှိကြောင်း KNU ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။