NUG က ပြန်လည် လက်လွတ်လိုက်ရသည့် ကောလင်းမြို့တွင်း စစ်ကောင်စီက ဝင်ရောက်ပြီးနောက် မြို့ပေါ် ရပ်ကွက်များကို မီးတင်ရှို့

NUG က ပြန်လည် လက်လွတ်လိုက်ရသည့် ကောလင်းမြို့တွင်း စစ်ကောင်စီက ဝင်ရောက်ပြီးနောက် မြို့ပေါ် ရပ်ကွက်များကို မီးတင်ရှို့
ဖေဖော်ဝါရီ 16, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်းအတွင်း NUG က ပြန်လည် လက်လွတ်လိုက်ရသည့်  ကောလင်းမြို့ကို စစ်ကောင်စီတပ်များ ဝင်ရောက်ထိန်းချုပ်ပြီးနောက် မြို့ပေါ်ရပ်ကွက်များနှင့် ဈေးများကို မီးရှို့ဖျက်ဆီးသွားပြီး ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက်နေ့တွင်လည်း မင်းတဲကြီးရပ်ကွက်ကို မီးရှို့ နေသည်ဟု သိရသည်။

ကောလင်းမြို့ရှိ ရပ်ကွက်များကို စစ်ကောင်စီတပ်က ဝင်ရောက်နေပြီးနောက် အောင်သီရိ၊ ကျော်ဇေယျာတောင်ပိုင်း ၊ ကျော်ဇေယျာရပ်ကွက်အနောက်ခြမ်း ဈေးရုံဗိုလ်တဲ(ကောလင်းဈေး)တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“အခုမနက် မင်းတဲကြီးရပ်ကွက် မင်းခြမ်းအပိုင်းကို မီးတင်ရှို့နေပါတယ်။ စစ်ကောင်စီတပ်တွေ ကောလင်းမြို့ တွင်းမှာ ဆက်လက်တပ်စွဲထားဆဲပါ။ ပြီးတော့ တိုက်ပွဲလည်းဆက်ရှိနေတုန်းပါ။ အရင်ရက်တွေလောက် ခပ်စိတ် စိတ်မဖြစ်တာပဲရှိတာပါ။”ဟု Kawlin Revolution-KR က Tachileik News Agency ကို ပြောသည်။

ကောလင်းမြို့ကို (၃)လနီးပါးကြာ တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီးနောက် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် နှစ်ပတ်နီးပါးကြာ ထိုးစစ်ဆင်ပြီး ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် မြို့ပေါ်ရပ်ကွက်များကို ပြန်လည်ဝင်ရောက်နေခြင်းဖြစ်သည်။ 

“မြို့ပေါ် (၈)ရပ်ကွက်လုံးကို သူတို့ဘက်က တပ်ဖြန့်ထားမှတော့ အပြည့်အဝပေးလိုက်ရပြီလို့ပဲ သုံးသပ်ပါတယ်။” ဟု Kawlin Revolution-KR ကပြောသည်။

စစ်ကောင်စီတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် ဒေသခံအများစုမှာ တိမ်းရှောင်နေကြရပြီး တချို့မှာ မြို့ပေါ်ရပ်ကွက်များတွင် ကျန်ရှိနေသေးပြီး ကျန်ရှိနေသူအများစုမှာ သက်ကြီးရွယ်အိုများဖြစ်သည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ကောလင်းမြို့ပေါ် တိုက်ပွဲအတွင်း ၎င်းတို့ဘက်က ကုန်းကြောင်း နှင့် လေကြောင်းတို့ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘာသာရေး အဆောက်အဦး ကျောင်းကန်များ စေတီပုထိုးများ အပါအဝင် လူနေအိမ်များ ထိခိုက် ပျက်စီး ဆုံးရှုံးသွားရသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍လည်း PDF က ဖျက်ဆီးသွားခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာမျက်နှာများကနေပါ လိမ်လည်ထုတ်ပြန်ထားကြောင်း သိရသည်။ 

ယင်းအပြင် စစ်ကောင်စီတပ်သားများသည် လူနေအိမ်များအတွင်း ဝင်ရောက်ပြီး တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူ သယ်ဆောင်သွားမှုများ ပြုလုပ်ပြီး နေအိမ်ကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည်ကိုလည်း အာဏာသိမ်း စစ်ကောင်စီ၏ သတင်းပြန်ကြားရေး တာဝန်ခံ ဇော်မင်းထွန်း ကိုယ်တိုင်က သတင်းလိမ်လည် ထုတ်ပြန်ခြင်းများပါ ပြုလုပ်ပေးနေ၍ အောက်ခြေ မြေပြင်တွင် ဒေသခံ ပြည်သူများမှာ ဆုံးရှုံးနစ်နာမှုများဖြင့် ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း သိရသည်။