မြိုင်မြို့နယ်အတွင်း ရိက္ခာရှာထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ အနီးကပ်ပစ်ခတ်တိုက်ခိုက်

မြိုင်မြို့နယ်အတွင်း ရိက္ခာရှာထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ အနီးကပ်ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း မြိုင်မြို့နယ်အတွင်း ရိက္ခာရှာထွက်လာသည့် အင်အား (၁၅)ဦးခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ အနီးကပ်ပစ်ခတ်တိုက်ခိုက်ကြောင်း သိရသည်။

မြိုင်မြို့နယ် ကိုင်းတောမစာသင်ကျောင်း၏ တောင်ဘက်သို့ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၂၄ခုနှစ် မေလ (၂၉) ရက်နေ့ မနက် (၈) နာရီ (၄၀) မိနစ်တွင် မီတာ (၄၀)အကွာမှ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Young Force UG အဖွဲ့မှ သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးနေရာတွင် သေဆုံးခဲ့ပြီး တခြားသော စစ်ကောင်စီတပ်ဖွဲ့များလည်း ထိခိုက်ဒဏ်ရာရရှိမှုများရှိနိုင်ကြောင်း Young Force UG အဖွဲ့မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်အခြေစိုက်စုဖွဲ့မှု တပ်ရင်းတပ်ဖွဲ့ Earthquak People’s Defence Force၊ Pakokku People’s Defense Force (PPDF)၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  ၂ (Young Force UG)၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Thu Rain TR)၊ Pakokku Ranger၊ Pakokku Hunter၊ Pakokku Underground Force၊ မြိုင်ပကဖ တပ်ရင်း (၂) နှင့် Justic Revolution Force တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် မေလ (၂၆) ရက်နေ့ကလည်း ပခုက္ကူခရိုင်အတွင်း အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီကင်းစခန်းအား Young Force UG နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးတိုက်ပွဲအတွင်း ကျဆုံးခဲ့သည်။

#TachileikNewsAgency