ရွှေဘိုမှ ကျောက်မြောင်းသို့ထွက်လာသည့် စစ်ကောင်စီ ထောက်ပို့ယာဉ်သုံးစီးအား လမ်းတွင် တော်လှန်ရေးအင်အားစုများမှ ကြားဖြတ်တိုက်ခိုက် 

ရွှေဘိုမှ ကျောက်မြောင်းသို့ထွက်လာသည့် စစ်ကောင်စီ ထောက်ပို့ယာဉ်သုံးစီးအား လမ်းတွင် တော်လှန်ရေးအင်အားစုများမှ ကြားဖြတ်တိုက်ခိုက် 

စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှ ကျောက်မြောင်းမြို့သို့ ထွက်ခွာလာသည့် စစ်ကောင်စီ ထောက်ပို့ယာဉ်သုံးစီးအား လမ်းတွင် တော်လှန်ရေးအင်အားစုများမှ အကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်ကြောင်း ဇာမဏီဒရုန်းတပ်ဖွဲ့မှ ၂၀၂၄ခုနှစ် သြဂုတ်လ (၅) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရွှေဘိုမြို့မှ ကျောက်မြောင်းမြို့သို့ထွက်ခွာလာသည့် စစ်ကောင်စီ ထောက်ပို့ယာဉ်သုံးစီးအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဇူလိုင်လ (၃၀) ရက်နေ့ နံနက် (၉) နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထောက်ပို့ယာဉ်တစ်စီး လမ်းဘေးမြောင်းထဲသို့ ထိုးကျခဲ့ပြီး စစ်ကောင်စီမှ လမ်းတစ်လျှောက်ကင်းယူ စောင့်ကြပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကင်းယူစောင့်ကြပ်ပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ နှစ်ရက်ကြာ

ဒရုန်းဖြင့် ဗုံးသီး (၅၀)ကျော် ပစ်ချတိုက်ခိုက်ခဲ့ပြီးနောက် ၊ လက်နက်ခဲယမ်းများပါသည့် (၁၂)ဘီးကားအား စစ်ကောင်စီက ရွေဘိုမှ အင်အား အမြောက်အများအသုံးပြု၍ ပြန်လည်သယ်ဆောင်သွားခဲ့ကြောင်း ဇာမဏီဒရုန်းတပ်ဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိခဲ့ပြီး လက်နက်ကြီးနှင့် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား ဇာမဏီ ဒရုန်းတပ်ဖွဲ့ (Phoenix Wings) နှင့်အတူ မဟာမိတ်များဖြစ်သည့် BLACK WOLF-ARMY နှင့် ခင်ဦး ရင်း (၃) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency