ဂွမြို့အား AA ထိုးစစ်ဆင်နေချိန်တွင် စစ်တပ်ဒုခေါင်းဆောင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တည်ရှိရာ ပုသိမ်မြို့သို့ သွားရောက်

ဂွမြို့အား AA ထိုးစစ်ဆင်နေချိန်တွင် စစ်တပ်ဒုခေါင်းဆောင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တည်ရှိရာ ပုသိမ်မြို့သို့ သွားရောက်

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းအစပ်ရှိ ဂွမြို့အား အာရက္ခတပ် (AA) မှ ထိုးစစ်ဆင်တိုက်ခိုက်နေချိန်တွင် စစ်တပ်ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) တည်ရှိရာ ပုသိမ်မြို့သို့ သွားရောက်ကြောင်း စစ်ကောင်စီတပ်က ထုတ်ပြန်သည်။

စစ်တပ်ဒုခေါင်းဆောင်စိုးဝင်းသည် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် ပုသိမ်မြို့သို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဝန်ကြီးချုပ် ၊ တိုင်းမှူးတို့နှင့် ဧရာဝတီတိုင်းအတွင်း နယ်မြေလုံခြုံရေးအခြေအနေများနှင့် ပက်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

ခရီးစဉ်အတွင်း စစ်တပ်ဒုခေါင်းဆောင်သည် ပုသိမ်မြို့ နယ်မြေခံသင်တန်းကျောင်းသို့ သွားရောက်ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းသားများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းအစပ်တွင် လုံခြုံရေး အထူးတင်းကျပ်ထားပြီး ၊ ဂွမြို့မကျစေရေး ဧရာဝတီတိုင်းအတွင်းမှ စစ်ကူအမြောက်အများ စေလွှတ်၍ ခုခံကာကွယ်လျှက်ရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ဧရာဝတီတိုင်းအတွင်း အင်အားဖြည့်တင်းရန်အတွက် စစ်ကောင်စီတပ်သည် စစ်မှုထမ်း အဓမ္မ စုဆောင်းခြင်းနှင့် ပေါ်တာဆွဲဖမ်းဆီးခြင်းများလည်း ပိုမိုလုပ်ဆောင်လာနေပြီး မြို့နယ်အများစုတွင် ပြည်သူများ ညနေ (၆)နာရီကျော်လျှင် အရေးပေါ်ကိစ္စမှအပ အပြင်ထွက်သွားလာခြင်း  မပြုတော့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် ဧရာဝတီတိုင်း ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)တိုင်းမှူးကို အပြောင်းအလဲ ပြုလုပ်ထားသည်။

အမ်းမြို့ အခြေစိုက် မဟာဗျူဟာအရ အရေးပါသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) AA လက်အောက်သို့ ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် အလုံးစုံကျရောက်ခဲ့ပြီးနောက် ဂွမြို့အား ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA က ထုတ်ပြန်ထားသည်။

#TachileikNewsAgency

#TNA_LE