ဆောမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်သား (၆)ဦး အလင်းဝင်၊ (၄)ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းမိ

ဆောမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်သား (၆)ဦး အလင်းဝင်၊ (၄)ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းမိ

မကွေးတိုင်း ဆောမြို့နယ်တွင်  ၂၀၂၅ခုနှစ် ဇန်နဝါရီလ၏ ပထမပတ်အတွင်း စစ်ကောင်စီတပ်သား(၆)ဦး အလင်းဝင် လာကာ (၄)ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသည်ဟု အမှတ်(၁)စစ်ဒေသက ယနေ့ ဇန်နဝါရီလ(၈)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဇန်နဝါရီလ(၆)ရက်နေ့က ဆောမြို့မရဲစခန်းမှ လောင်းရှည်တိုက်နယ် ရဲစခန်းသို့ ထွက်လာသော စစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်(၅)ဦးသည် MA1 တစ်လက်၊ MA3 တစ်လက်၊ MA ကျည် (၄၃၂)တောင့်၊ လက်ပစ်ဗုံး (၃)လုံး၊ MA ကျည်အိမ် (၉)ခုတို့ဖြင့် ဂန့်ဂေါခရိုင် တပ်ရင်း (၃၊ ၅)ထံ အလင်းဝင်လာသည်ဟု ဆိုသည်။ 



 

ထို့အပြင် ဇန်နဝါရီလ (၂)ရက်နေ့တွင်လည်း ဆောမြို့မရဲစခန်းမှ ရဲတပ်သား (၁)ဦးလည်း ဂန့်ဂေါခရိုင် တပ်ရင်း (၂)ထံသို့ G 3 တစ်လက်၊ ၇.၆၂ ကျည် (၅၀)တောင့်၊ ကျည်အိမ် (၂)ခုတို့ဖြင့် အလင်းဝင်လာသည်ဟု ဆိုသည်။ 

 

ဇန်နဝါရီလ (၄)ရက်နေ့တွင် ဆောမမြို့နယ် လောင်းရှည်ဒေသ ရင့်ရဲချောင်းရွာအနီး၌ ဂန့်ဂေါခရိုင် တပ်ရင်း (၃၊ ၅) မှ နယ်မြေရှင်းလင်းရာ စစ်ကောင်စီအဖွဲဝင်(၄)ဦးကို ဖမ်းဆီးရမိပြီး MA1 (၂)လက်၊ MA ကျည် (၄၀၇) တောင့်၊ အီနာဂါ (၂)လုံး၊ လက်ပစ်ဗုံးတစ်လုံး၊ နင်းမိုင်းတစ်လုံး၊ MA ကျည်အိမ် (၇)ခု၊ ကျည်ကာဦးထုပ် (၂)လုံး၊ ကျည်ကာ အင်္ကျီ (၃)ထည်၊ ကျောပိုးအိမ် (၃)လုံး၊ စစ်ယူနီဖောင်း (၂)ထည်၊ ဖုန်း (၅)လုံး၊ ရေဘူးတစ်ဘူး၊ ဓားတစ်လက်တို့ကို သိမ်းဆည်းရရှိသည်ဟု သိရသည်။ 

လောင်းရှည်ဒေသ လှော်ကားရွာအနီး ဖိုးခြင်းထောင်ကုန်း၌ ဂန့်ဂေါခရိုင် တပ်ရင်း(၆)မှ နယ်မြေရှင်းလင်းရာ ထွက်ပြေးသွားသော စစ်ကောင်စီအဖွဲဝင် (၂)ဦးထံမှ MA 1 တစ်လက် သိမ်းဆည်းရရှိသည်ဟု သိရသည်။

၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် လောင်းရှည်ဒေသ၊ ရင့်ရဲချောင်းရွာအနီး ကစဉ့်ကလျားထွက်ပြေးကြ သော စစ်ကြောင်းအား ဂန့်ဂေါခရိုင် တပ်ရင်း (၃၊ ၅၊ ၆)၊ မကွေးတိုင်း ဒရုန်းတပ်ဖွဲ၊ စလင်းမြို့နယ် တိုက်ခိုက်ရေး တပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ (၂)ဦးသေဆုံးပြီး တစ်ဦးကိုဒဏ်ရာဖြင့် ဖမ်းဆီးရမိသည် ဟုဆိုသည်။

တိုက်ပွဲအတွင်းမှ  MA 2 (၂)လက်၊ MA 3 တစ်လက်၊ G 3 တစ်လက်၊ ကျည်အိမ် (၁၄)ခု၊ G 3 ကျည်(၆၄)တောင့်၊ MA ကျည် (၂၅၀)တောင့်၊ အီနာဂါ (၅)လုံး၊ ၆၀ မမ ဗုံးသီး (၃)လုံး၊ Equipment (၂)ခု၊ ကျောပိုးအိတ် (၃)ခု၊ ရေဘူး တစ်ဘူး၊ စစ်ယူနီဖောင်း (၂)စုံ၊ ရဲယူနီဖောင်း တစ်စုံတို့ကိုသိမ်းဆည်းရရှိသည်ဟု သိရသည်။

 

Photo: အမှတ် (၁) စစ်ဒေသ