မီတာခ မပေးဆောင်သူများအား မီတာပုံး ဖြုတ်သိမ်းမည်ဟု လိုက်လံကြေညာပြီးနောက် ဝေါမြို့နယ်လျှပ်စစ်မီတာရုံး ဗုံးခွဲ ခံရ

 မီတာခ မပေးဆောင်သူများအား မီတာပုံး ဖြုတ်သိမ်းမည်ဟု လိုက်လံကြေညာပြီးနောက် ဝေါမြို့နယ်လျှပ်စစ်မီတာရုံး ဗုံးခွဲ ခံရ
ဇန်နဝါရီ 19, 2022 | အခြားဒေသများ

ပဲခူးတိုင်း၊ ဝေါမြို့နယ်လျှပ်စစ်မီတာရုံးက မီတာခ မပေးဆောင်သူများအား မီတာပုံး ဖြုတ်သိမ်းမည်ဟု လိုက်လံကြေညာပြီးနောက် မြို့နယ်လျှပ်စစ်မီတာရုံး ဗုံးခွဲခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

မြို့နယ်မီတာရုံး ညပိုင်းက ပထမ ဗုံးတစ်လုံးကွဲတယ်။ တစ်နာရီ လောက်အကြာမှာ ထပ်ပြီး ဗုံးပေါက်ကွဲပြန်တယ်။ အသံအကျယ်ကြီးပဲ ကြားရတယ်။ စစ်တပ်က စစ်ဆေးနေတယ်။

ဟု ဝေါမြို့ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။ 

မီတာခ ပေးဆောင်ရန် နှင့် မပေးဆောင်ပါက မီတာပုံးကို ဖြုတ်သိမ်းမည်ဟု လိုက်လံကြေညာပြီး (၃)ရက်မြောက်နေ့ ဖြစ်သည့်  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့ ည(၇)ခွဲအချိန်က ဗုံးနှစ်လုံးဆင့် ပေါက်ကွဲခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဟု သိရသည်။

မီတာခ မဆောင်သူတွေကို ဖိအားပေးငွေတောင်းနေတယ်‌လေ။ လူတွေလည်း ကြပ်တည်းနေတော့ မီတာခ မဆောင်နိုင်ကြဘူး။

 ဟု ဒေသခံတစ်ဦးက ပြောသည်။

မြို့နယ်လျှပ်စစ်မီတာရုံးကို မည်သည့်အဖွဲ့က ဗုံးခွဲတိုက်ခိုက်သည်ကို မသိရသေးပါ။