ဝေါမြို့နယ် မီးရထားဘူတာအနီးရှိ နေအိမ် ၂၀၀ ဝန်းကျင်ကို ကျူးကျော်ဟုဆိုကာ အင်အား ၅၀၀ ဝန်းကျင်ဖြင့် စစ်ကောင်စီဖြိုဖျက်

ဝေါမြို့နယ် မီးရထားဘူတာအနီးရှိ နေအိမ် ၂၀၀ ဝန်းကျင်ကို ကျူးကျော်ဟုဆိုကာ အင်အား ၅၀၀ ဝန်းကျင်ဖြင့် စစ်ကောင်စီဖြိုဖျက်

ပဲခူးတိုင်း ဝေါမြို့နယ်အတွင်းရှိ နေအိမ်(၂၀၀)ဝန်းကျင်ကို ကျူးကျော်တည်ဆောက်ထားသည်ဟုဆိုကာ မီးရထားရုံပိုင်နှင့် စစ်ကောင်စီတပ် အင်အား(၅၀၀)ဖြင့် ဖြိုဖျက်လိုက်သည်ဟု ဒေသခံများထံမှ သိရသည်။

ဝေါမြို့နယ် ကံတော်ရပ်ကွက်၊ အရှေ့ဖက်ကမ်းရပ်ကွက်နှင့် ဘူတာအနီးဝန်းကျင်ရှိ နေအိမ်(၂၀၀)ဝန်းကျင်ကို ကျူးကျော်သည်ဟုဆိုကာ မီးရထားရုံပိုင် ဦးစောနန်းနှင့် စစ်ကောင်စီတပ် အင်အား(၅၀၀)ဖြင့် ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့ကစတင်၍ ဖြိုဖျက်နေခြင်းဖြစ်သည်ဟု ဆိုသည်။

“လွန်ခဲ့တဲ့နှစ်ရက်လောက်ကစပြီး ဝေါရထားဘူတာနားက အိမ်ခြေတွေပေါ့ စာထွက်ထားတဲ့ အိမ်ခြေတွေကို မ‌ရွှေ့လို့ဆိုပြီး ဝင်ဖျက်တယ်။ နောက်တစ်ခါ မီးရထားလမ်းမှာရှိတဲ့ ကျူးအိမ်တွေကိုလည်း ဖျက်ခိုင်းတယ်။ နေထိုင်သူတွေက မဖျက်တော့ စစ်ကောင်စီတပ်သားတွေက ဝင်ဖျက်နေတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

အဆိုပါ နေအိမ်များသည် ရထားလမ်းတလျောက် လွန်ခဲ့သည့် (၅)နှစ်ဝန်းကျင်ကတည်းက ဆောက်လုပ်နေထိုင်ကြခြင်းဖြစ်ပြီး တချို့ နေအိမ်များမှာ အခိုင်အမာ ဆောက်လုပ်ထားခြင်းဖြစ်သည်ဟု သိရသည်။

“အခိုင်အမာအိမ်တွေကတော့ ပိုက်ဆံပေးလိုက်လို့လားမသိဘူး။ မဖျက်ရဘူးကြားတယ်။ အခုလည်း အဲဒီပြဿနာတက်နေကြတယ်။ ဖျက်လိုက်တာက ရထားဘူတာနားက နေအိမ် (၁၂၈) လုံး၊ နောက် လမ်းဘေးနားက အိမ်ခြေက (၅၀) နီးပါးပဲ။ လမ်းတွေမှာ လုံခြုံရေးတွေကပိတ်ထားလို့ ဓာတ်ပုံမရိုက်ရဲကြဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ မြန်မာ့မီးရထား ကျူးကျော်များ ဖယ်ရှားရှင်းလင်းရေးကော်မတီက ပေးပို့ထားသည့်စာတွင် အစိုးရအက်ဥပဒေတွင် ခွင့်ပြုချက်မရဘဲ နေထိုင်လျှက်ရှိသည်ဟု ယူဆသောကြောင့် ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း) အက်ဥပဒေ (၃)အရ ဇန်နဝါရီလ (၁၄)ရက်နေ့တွင် ထွက်ခွာသွားရမည်ဟု ပါရှိသည်။

ယင်းနေ့တွင် ဖယ်ရှားခြင်းမပြုပါက တည်ဆဲဥပဒေ လုပ်ထုံး၊ လုပ်နည်းများအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သတ်မှတ်ထားသည့်ရက်အတွင်း ထွက်ခွာမသွားပါက အနိုင်အထက်ပြုမှုဖြင့် ထိုအိမ်ဥပစာမှ ဖယ်ရှားခြင်းခံရမည်ဟုလည်း ဆိုသည်။

နေအိမ်တချို့မှာမူ ရထားသံလမ်းနှင့် ပေ(၁၁၀)အပြင်ဘက် ဝေါမြို့မီးရထားဘူတာ၊ မီးရထားအလံပြ၊ အလံတိုင်၏ အပြင်ဘက် ပေ(၁၂၀ x ၁၂၀)ပလပ်မြေပေါ်တွင်ရှိနေသည်ဟု သိရသည်။

#TachileikNewsAgency

#TNA_MAT