စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်ထိုးသည့် သင်္ကန်းဝတ် ဝါသဝ၏ တပ်များသည် ဘုန်းကြီးကျောင်းပါမချန် မီးရှို့ကာ အိုင်ပေါင်းချောင်ရွာမှ အရပ်သား (၃၇)ဦးကို ဖမ်းဆီးသွားပြီး ကန်ဘလူ(၆၀၀၆)တင့်ကားတပ်သို့ ခေါ်ဆောင်သွားကြောင်း ရေဦးမြို့ နယ်အခြေပြု People’s Defense Comrade ထံမှ သိရသည်။
၂၀၂၄ခုနှစ် အောက်တိုဘာ (၃၀)ရက်နေ့က ကန့်ဘလူ(၆၀၀၆)တပ်မှ ထွက်လာသည့် သင်္ကန်းဝတ် ဝါသဝ၏ ပျူစောထီးတပ် အင်အား(၁၂၀)ဝန်းကျင်သည် ကားကြီး (၃)စီးဖြင့် ကာဘိုးစစ်ကောင်စီတပ်ထံ ဝင်ရောက်ပြီးနောက် ရေဦးနယ်မြောက်ဘက်ခြမ်း အောင်သာယာပျူစောထီးရွာမှ ထွက်လာသည့် ပျူစောထီး(၄၀)ဦးနှင့်ပေါင်းကာ အိုင်ပေါင်းချောင်ရွာကို လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက် စီးနင်းခြင်းဖြစ်ကြောင်း သိရသည်။
လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် အရပ်သား ကိုတင်ထွန်းလင်း ဆိုသူ ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းဝန်းအတွင်း စစ်ဘေးတိမ်းရှောင်နေကြသည့် အရပ်သားများထဲမှ PDF များနှင့် ဆက်နွယ်ပက်သက်နေသည်ဟုစွပ်စွဲကာ အမျိုးသား(၃၄)ဦးနှင့် အမျိုးသမီး(၃)ဦး စုစုပေါင်း(၃၇)ဦးကို လူသားဒိုင်းပြုလုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
ထို့အပြင် မူးချောင်းတောင်ဘက်ခြမ်းရှိ ကျောက်တိုင်ရွာ၊ ကျီစုရွာတို့ကို ဒရုန်း များဖြင့် ဗုံးကြဲတိုက်ခိုက်၍ ပစ်ခတ်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
စစ်ကောင်စီတပ်များက ကျီစုရွာကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် (၄၀၀)ခန့်နှင့် တောင်ကျောင်းဘုန်းကြီးကျောင်း၊ မြောက်ကျောင်းဘုန်းကြီးကျောင်းတို့ မီးလောင်ပျက်စီးခဲ့ရပြီး ကျောက်တိုင်ရွာကိုလည်း မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်(၃၀၀)ခန့် မီးလောင်ပျက်စီးကြောင်း သိရသည်။
ထို့အပြင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြောက်ကျောင်း ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းဆောင်တို့ ထိခိုက်ပျက်စီးကြောင်း သိရသည်။
အိုင်ပေါင်းချောင်ကျေးရွာမှ ဖမ်းဆီးခေါ်ဆောင်ခံရသည့် အရပ်သားများမှာ နေလ၊ မြင့်မြတ်ဇင်၊ အောင်ဆန်းထွန်း၊ သိန်းချို၊ နိုင်လင်းအောင်၊ ကျော်သူဟိန်း၊ မဲခိုင်၊ ဖြိုးလွင်၊ အောင်ကံဦး၊ ရဲကိုဝင်း၊ မြင့်မြတ်ဟိန်း၊ ချက်ကြီး၊ မောင်ဇော်၊ ရန်ကျော်ဦး၊ မျောက်ကြီး၊ စည်သူနိုင်၊ ကျော်စိုးဦး၊ ရဲထက်ဦး၊ ထိုင်ဝမ်၊ ဝင်းထွန်း၊ ကျော်ရဲနိုင်၊ ဝင်းထက်အောင်၊ ရွှေထူး၊ ချက်ဖောင်း၊ အောင်ဇော်ဦး၊ မောင်ခိုင်၊ ငယ်လေး၊ ဝါဆို၊ ထွေးအောင်ကျော်၊ ရဲအောင်၊ ကိုမျိုး၊ ကိုချစ်ပို၊ လူပျို၊ မဇင်မာလင်း၊ ဒေါ်ပူစူး၊ မဇင်ဝေခိုင်နှင့် အမည်မသိသူ တစ်ဦးတို့ပါဝင်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: People's Defense Comrade(အမေ့သား)